ဧရာဝတီတိုင်းမ်
မတ် ၂၈ ရက်

 

အင်းအားပြင်းထန်လွန်သောငလျင်နှစ်ကြိမ်ဆက်တိုက်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့ရှိ sky villa ကွန်ဒိုပြိုကျမှုတွင်အသက်သေဆုံးသွားရသူ သုခဒိုင်းမွန်းစိန်ဆိုင်ပိုင်ရှင် သီရိသုဓမ္မသိင်္ဂီ ဒေါ်မိုးသီတာရွှေတို့အတွက် တစ်နှစ်ပြည့်ဆွမ်းကျွေးအလှူကို က္ကစ္ဆာသယမင်းကွန်းသီလရှင် စာသင်တိုက်တွင် ယနေ့ မတ် ၂၈ ရက်နေ့က ကုသိုလ်ပြုလှူဒါန်းကြောင်း ယင်းစာသင်တိုက်မှသိရသည်။

 

မန္တလေးမြို့၊ က္ကစ္ဆာသယမင်းကွန်းသီလရှင်စာသင်တိုက်တွင် ကွယ်လွန်သွားသူ သုခဒိုင်းမွန်းစိန်ဆိုင်ပိုင်ရှင် သီရိသုဓမ္မသိင်္ဂီ ဒေါ်မိုးသီတာရွှေ၊ သားဖြစ်သူ ကိုဇော်လင်းနောင်၊ သမီး မဝင့်စန္ဒီထွန်း၊ မြေး မသွန်းရတီဇော် (ခ) ဒိုဒို၊ တူမ မနေခြည်၊ မစိုးစိုးနှင့် မောင်နေရဲတို့အား တစ်နှစ်ပြည့်ကုသိုလ်ရည်စူးလှူဒါန်းကြောင်းသိရသည်။

 

ထို့ပြင် ငလျင်ကြောင့်အသက်သေဆုံးသွားရသူများအတွက် တစ်နှစ်ပြည့်ရည်စူးကုသိုလ်တော် အလှူကို ငလျင်ဒဏ်ခံရသူမိသားစု အများပြားကျင်းပပြုလုပ်ကြောင်းသိရသည်။

“ ငလျင်အကြောင်းတွေပြန်မပြောချင်ဘူး။ စိတ်ထဲဒဏ်ရာရှိနေတုန်းပဲ။ အိမ်ကတော့ အခုထိပြန်မဆောက် ရသေးဘူး။ သူများအိမ်မှာငှားနေတယ်” ဟု မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

 

လက်ရှိအချိန်ထိ ငလျင်ဒဏ်ကိုပြင်းထန်စွာခံစားရသော မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ရှိ ပြိုကျအဆောက်အအုံအချို့ကို ပြန်လည်ဆောက်ယူနိုင်ခြင်းမရှိကြောင်း ဒေသခံများထံမှသိရသည်။

 

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ငလျင်ဘေးပြည်သူထူထောင်ရေးလုပ်ငန်းများကို ကဏ္ဍာအသီးသီးတွင် ၈၂ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး အရှိန်အဟုန်ဖြင့် အကောင်အထည် ဖော်နေကြောင်း ဆိုသည်။

 

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က အင်အားအလွန်ပြင်းထန်သောငလျင် ၇ ဒသမ ၇ ရစ်ခ်တာစကေးနှင့် ၇ ဒသမ ၅ ရစ်ခ်တာစကေးအဆင့် နှစ်ကြိမ်ဆက်တိုက်လှုပ်ခတ်မှုအပါအဝင် စစ်ကိုင်းငလျင်လှုပ်ခတ်မှုပေါင်း ၂၉၁ ကြိမ်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှူဦးစီးဌာနက ထုတ်ပြန်ထားသည်။

 

အဆိုပါငလျင်ကြောင့် sky villa ကွန်ဒိုတစ်ခုထည်းတွင်သေဆုံးသူ နှစ်ရာကျော်အပါအဝင် တိုင်းနှင့် ပြည်နယ် ခြောက် ခုတွင် သေဆုံးသူ ၃၈၁၂ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၁၀၄ ဦး၊ ပျောက်ဆုံးသူ ငါး ဦးနှင့် အခြေခံအဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးသွားရကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။