ဧရာဝတီတိုင်းမ်
‎မတ် ၂၈ ရက်

စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်မှုတစ်နှစ်ပြည့်ချိန်အထိ ပြန်လည်ထူထောင်ရေးကြိုးပမ်းနေရသော ငလျင်ဘေးဒဏ်ခံပြည်သူများအနေဖြင့် ယခုအခါ စက်သုံးဆီပြတ်လပ်မှုဒဏ်ကိုထပ်မံခံစားနေရပြီး ထိခိုက်လွယ်မိသားစုများ ဝမ်းရေးကျပ်တည်းလာကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယနေ့ ထုတ်ပြန်သည်။

ငလျင်ပြန်လည်ထူထောင်နိုင်ရန် ကြိုးပမ်းနေရသည့် ဒေသခံပြည်သူများမှာ အခက်အခဲသစ်များနှင့် ထပ်မံရင်ဆိုင်နေကြရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးလိုက်ခြင်းဖြစ်သည်။

လက်ရှိဖြစ်ပွားနေသော ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် စက်သုံးဆီ၊ စားနပ်ရိက္ခာနှင့် မြေသြဇာဈေးနှုန်းများ မြင့်တက်လာခြင်းသည် ထိခိုက်လွယ်သော မိသားစုများ၏ ဝမ်းရေးကို ပိုမိုကျပ်တည်းလာနေစေကြောင်း ထုတ်ပြန်သည်။

” မြန်မာပြည်သူတွေဟာ ပဋိပက္ခ၊ ရာသီဥတုဘေးအန္တရာယ်၊ အင်အားပြင်းငလျင်ကြီးနဲ့ အခု ကမ္ဘာလုံးဆိုင်ရာ စက်သုံးဆီအကျပ်အတည်း စတဲ့ ရိုက်ခတ်မှုတွေကို တစ်ခုပြီးတစ်ခု ကြံ့ကြံ့ခံကျော်ဖြတ်နေကြရတာ ဖြစ်ပါတယ်” ဟု Mr. Dunford က သတိပေးပြောကြားသည်။

‎စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုကြောင့်‎စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးကုန်စည်များ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်ကို မြင့်တက်စေပြီး အခြေခံစားနပ်ရိက္ခာအတွက် ခက်ခဲစွာရှာဖွေနေရသည့် မိသားစုများအပေါ် ထပ်ဆင့်ဝန်ပိစေကြောင်းလည်းပါဝင်သည်။

လာမည့်သုံးလအတွင်း မိုးသီးနှံစိုက်ပျိုးရေးအတွက် ‎မြေသြဇာလိုအပ်ချက် မြင့်တက်လာမည်ဖြစ်ရာ စက်သုံးဆီပြတ်လပ်မှုနှင့် သွင်းအားစုကုန်စျေးနှုန်း မြင့်မားလာခြင်းကြောင့် စိုက်ပျိုးစရိတ်မှာ ယမန်နှစ်ကထက် နှစ်ဆအထိ မြင့်တက်သွားမည့် အန္တရာယ်ရှိနေကြောင်း WFP က သတိပေးထားသည်။

“ကျွန်တော်တို့ သူတို့နဲ့အတူ အခုရပ်တည်ပေးကြရပါမယ်။ ငလျင်ဘေးအပြီး တစ်နှစ်အကြာမှာ သူတို့တွေ နောက်ထပ်တစ်ကြိမ် ပြန်ပြီးလဲပြိုမသွားစေဖို့ လိုအပ်ပါတယ်” ဟု Mr. Dunford က ပြောသည်။

အဆိုပါ ထပ်ဆင့်ရိုက်ခတ်မှုများသည် ပဋိပက္ခနှင့် ငလျင်ဘေးဒဏ်သင့်ဒေသများဖြစ်သည့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် အဆိုးရွားဆုံး ဖြစ်ပေါ်လာနိုင်ကြောင်းထုတ်ပြန်ထားသည်။


မြန်မာနိုင်ငံ၏ လူဦးရေ ၁၂.၄ သန်း (သို့မဟုတ် နိုင်ငံလူဦးရေ၏ လေးပုံတစ်ပုံခန့်) သည် လတ်တလော ဝမ်းရေးဒုက္ခကို ရင်ဆိုင်နေရသဖြင့် စားနပ်ရိက္ခာမလုံခြုံမှု အခြေအနေဆိုးရွားနေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထုတ်ပြန်ပြောဆိုသည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
ပုံစာ – ၂၀၂၅ မတ် ၂၈ ရက်နေ့တွင် စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်မှုကြောင့်ပျက်စီးသွားရသည့်အဆောက်အအုံများ