ဧရာဝတီတိုင်းမ်
တောင်ငူ၊ မတ် ၂၈ ရက်
ပဲခူးတိုင်း ၊ တောင်ငူတွင် ဘုရားဝန်းပါမကျန် တရားမဝင် ရွှေတူးဖော်နေမှု သတင်းအား ဧရာဝတီတိုင်းမ် သတင်းဋ္ဌာန မှ သတင်းတင်ဆက်ရေးသားပြီးနောက် စစ်ကြောင်းထိုး ဖမ်းဆီးမှုများရှိကြောင်း သတင်းရရှိသည်။
မတ်လ ၂၅ ရက် ညနေပိုင်းတွင် သတင်းရေးသားဖော်ပြီးနောက် မတ်လ ၂၆ ရက် မနက် ငါးနာရီ ကျော်အချိန်တွင် စစ်ကြောင်းထိုးဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ညနေပိုင်း သတင်းတက်လာတာကို သိတဲ့သူတွေကတော့ မြေတူးစက်တွေ စက်ပစ္စည်းတွေကို ရွှေ့ထားကြတယ် ။ အများအားဖြင့်တော့ မရွှေ့ပြောင်းထားကြဘူး အကုန်အဖမ်းခံရတယ်။
အုပ်ချုပ်ရေးမှူး ဦးမြင့်စိန် ( ခ) ကံချွန် က ကိုယ်တိုင် ရွှေတူးပေမယ့် အဖမ်းမခံရဘူး။ ပြည်သူ့စစ်ဆိုတော့ ဖမ်းဆီးတဲ့ စစ်ကြောင်းနဲ့ ရောပြီး လိုက်နေတယ်” ဟု ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကြောင်းထိုးဝင်ရောက်ဖမ်းဆီးသည့်အတွက် စစ်ကော်မရှင်တပ်သားများ နှင့် နယ်မြေခံ စစ်ကော်မရှင် တပ်စခန်းတို့ အချင်းချင်းများခဲ့ကြောင်းလည်း သိရသည်။

“နယ်မြေခံ တပ်စခန်းက သူတို့မသိဘဲ ဝင်ဖမ်းရကောင်းလား ဆိုပြီး ပြောတယ် ။ စစ်ကြောင်းထိုး ဖမ်းဆီးတဲ့အဖွဲ့က အထက်အမိန့်ရ လာဖမ်းတာဆိုတော့ တွေ့သမျှ အကုန်သိမ်းသွားကြတာ။ နယ်မြေခံတပ်စခန်းလည်း ဘာမှ မတက်နိုင်ဘူး။ ဘတ်ဟိုးတွေအပါအဝင် စက်ပစ္စည်းတွေပါ သိမ်းသွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ပဲခူးတိုင်း ၊ တောင်ငူမြို့နယ် ၊ ဒိုးသောင်ကျေးရွာအုပ်စု ၊ မြတ်စောညီနောင် ဘုရားအနီး တစ်ပင်တိုင်ကျောင်း ဘုရားဝန်းပါမကျန် တရားမဝင် ရွှေတူဖော်မှုများလုပ်ဆောင်နေကြခြင်းဖြစ်သည်။