ဧရာဝတီတိုင်းမ်
(သံတောင်ကြီ)၊ မတ် ၂၇ ရက်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ စစ်ကော်မရှင်လက်အောက်ခံ တပ်မတော်(ကြည်း) တိုက်ခိုက် ရေးကျောင်း(ဘုရင့်နောင်)တွင် ပြုလုပ်သည့် (၈၁) နှစ်မြောက် တပ်မတော်နေ့(ဖက်ဆစ်တော်လှန်ရေးနေ့) အခမ်းအနားကို Brave Warriors for Myanmar (BWM) အဖွဲ့က ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက် ခဲ့ကြောင်း သိရသည်။
တပ်မတော်နေ့အခမ်းအနားကျင်းပမည်ဟု သတင်းရရှိထားသည့်နေရာအား ၁၀၇-မမ ရှော့တိုက်ဒုံး ငါး လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း ရှော့တိုက်ဒုံး လေး လုံးမှာ စစ်ကျောင်းဝင်း အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကာ ထိခိုက်မှုများကိုမူ သိရခြင်းမရှိသေးဟု ဆိုသည်။

“တပ်ရင်းမှူး၊ တပ်ခွဲမှူး၊ တပ်စိတ်မှူး သင်တန်း အဓိကပေးနေတဲ့ အရာရှိိသင်တန်းကျောင်းမှာ မဖြစ်မနေ တပ်မတော်နေ့ကျင်းပရပါတယ်။ မနက် ၇ နာရီ အခမ်းအနား ရှိတယ် သတင်းရလို့ပါ။ ငါး လုံးပစ်တာ လေး လုံးအောင်ပါတယ်။ ချက်ချင်းကို counter ပြန်တာ” ဟု BWM တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့ပြင် BWMအနေဖြင့် ယခုကဲ့သို့တိုက်ခိုက်ရခြင်းမှာ ပြည်သူလူထုကိုနည်းမျိုးစုံဖြင့် နှိပ်စက်သတ်ဖြတ် နေသည့် စစ်တပ်အရာရှိများ၏ သင်တန်းကာလတွင် ၎င်းတို့၏အရေးပါသည့် အခမ်းအနားကို တိုက်ခိုက်ခြင်း ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
ယခုတိုက်ခိုက်မှုကို BWM အဖွဲ့၏ ဦးဆောင်မှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force(ACPLF)၊ KNLA တပ်မဟာ-၂၊ တပ်ရင်း-၅ နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
BWM နှင့်မဟာမိတ်အဖွဲ့များသည် ပြီးခဲ့သည့် မတ် ၂၅ ရက်ကလည်း စစ်တပ်၏ အရေး ပါသည့် လေတပ်စခန်းတစ်ခုဖြစ်သည့် မကွေးလေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးဖြင့် အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – Brave Warriors for Myanmar (BWM)