ဧရာဝတီတိုင်းမ်
မတ် ၂၈ ရက်
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကော်မရှင်ခန့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းအကြောင်းပြကာ တစ်အိမ်ထောင်လျှင် ငွေကျပ် ၁၇၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ အဓမ္မ ကောက်ခံနေပြီး ငွေမထည့်နိုင်သူများကို ဖမ်းဆီးတရားစွဲဆိုမည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်နေ ကြောင်း ဒေသခံများထံမှ သိရသည်။
ဝါးခယ်မမြို့နယ်ရှိ ကျောင်းစု၊ ကလနှင့် စောင်လှကျေးရွာများတွင် အုပ်ချုပ်ရေးမှူး ဦးအေးဟန်၊ စာရေး အောင်မြတ်သူနှင့် ရာအိမ်မှူးများဖြစ်ကြသည့် ဦးမြင့်ဆွေ၊ ဦးမြင့်ခိုင်၊ ဦးမြင့်သိန်းတို့က ဦးဆောင်ကာ စစ်မှု ထမ်းကာလ စတင်ကတည်းက အပတ်စဉ် ငွေကြေးများ ကောက်ခံနေခြင်း ဖြစ်သည်။
“ဘေးရွာတွေမှာက တစ်အိမ်ထောင်ကို လေးငါးသောင်းလောက်ပဲ ထည့်ရတာ။ ကျွန်တော်တို့ဆီမှာ ကျတော့ အိမ်ထဲမှာ လူငယ်ရှိသလောက် ထည့်ရတယ်။ နှစ်ယောက်ရှိရင် နှစ်ယောက်စာ၊ သုံးယောက်ရှိရင် သုံးယောက်စာပေါ့။ တစ်ယောက်စာကိုတင် တစ်သိန်းခွဲကျော်၊ နှစ်သိန်းနီးပါး ရှိတယ်” ဟု ဝါးခယ်မမြို့နယ်မှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ အုပ်ချုပ်ရေးအဖွဲ့သည် ကျေးရွာအတွင်း စစ်မှုထမ်းရန် မဲနှိုက်ခိုင်းရာတွင်လည်း အရပ်သားများက ကြောက်ရွံ့၍ မဲနှိုက်ခြင်းမပြုလိုပါကလည်း ငွေကြေးပေးဆောင်ရန် ဖိအားပေးခြင်းများ ပြုလုပ်လျက် ရှိသည်။ ငွေကြေးတတ်နိုင်ခြင်းမရှိသည့် လက်လုပ်လက်စား မိသားစုများမှာ အတိုးဖြင့် ငွေချေးငှားကာ ပေးဆောင်နေရပြီး အချို့လူငယ်များမှာ ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် ကျေးရွာသို့ မပြန်ရဲဘဲ တိမ်းရှောင်နေရကြောင်း သိရသည်။
“ပိုက်ဆံမထည့်နိုင်လို့ ရွာပြန်မလာနိုင်တဲ့ လူငယ်တွေ အများကြီးပဲ။ ပြန်လာရင် ဖမ်းမယ်လို့ ခြိမ်းခြောက် ထားတာကိုး။ အုပ်ချုပ်ရေးမှူးကို တစ်ခုခု ပြန်ပြောရင်လည်း ဝတ္တရားနှောင့်ယှက်မှုနဲ့ စစ်သားတွေ၊ ရဲတွေခေါ်ပြီး ဖမ်းခိုင်းမယ်လို့ ပြောတယ်” ဟု ဒေသခံတစ်ဦးက ဆက်လက်ပြောဆိုသည်။
ယခုကဲ့သို့ အဆမတန် ကောက်ခံရရှိသည့် ငွေကြေးများကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက ၎င်းတို့၏ ကိုယ်ကျိုးအတွက် အသုံးချနေခြင်းဖြစ်ကြောင်း ဒေသခံများက ဝေဖန်ပြောဆိုသည်။
ဧရာဝတီတိုင်းအတွင်းရှိ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူး အများစုသည် စစ်မှုထမ်းဥပဒေကို အသုံး ချကာ ပြည်သူများထံမှ ငွေကြေးအဆမတန် တောင်းယူပြီး ချမ်းသာကြွယ်ဝလျက်ရှိကြောင်း မြေပြင် သတင်းများအရ သိရသည်။
ဓာတ်ပုံ-စစ်အုပ်စုတယ်လီဂရမ်