ဧရာဝတီတိုင်းမ်
မတ် ၂၇ ရက်
စက်သုံးဆီဈေးနှုန်းများမှာ တစ်ပတ်အတွင်း ကျပ်တစ်ထောင် (၁,၀၀၀) ကျော်အထိ ထပ်မံမြင့်တက် လာသော်လည်း ခရီးဝေးပြေးဆွဲသည့် ဘတ်စ်ကားများနှင့် ခရီးသွားမည့် အိမ်စီးကားများကို ခွဲတမ်း (Quota) သတ်မှတ်ချက်မရှိဘဲ Scan ဖတ်၍ ရောင်းချပေးမည်ဟု စစ်ကော်မရှင်လက်အောက်ခံ စွမ်းအင် ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ယနေ့ မတ်လ ၂၇ ရက် စက်သုံးဆီသတ်မှတ်ဈေးနှုန်းများအရ ၉၂ တစ်လီတာလျှင် ၄,၄၅၀ ကျပ် (ယခင် ၃,၆၁၀ ကျပ်)၊ ၉၅ တစ်လီတာလျှင် ၄,၉၅၇ ကျပ် (ယခင် ၃,၈၅၀ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၆,၀၈၅ ကျပ် (ယခင် ၄,၈၂၀ ကျပ်) နှင့် ဒီဇယ် ၅,၄၅၀ ကျပ် (ယခင် ၄,၃၉၀ ကျပ်) အသီးသီး ဖြစ်ပေါ်နေပြီး ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ကျပ်တစ်ထောင်ကျော် မြင့်တက်သွားခြင်းဖြစ်သည်။
စစ်ကော်မရှင်၏ မူဝါဒအပြောင်းအလဲအရ မြို့တွင်းသုံးစွဲသူများအတွက် ယာဉ်အမျိုးအစားအလိုက် တစ်ပတ်လျှင် နှစ်ကြိမ်သာ ဝယ်ယူခွင့်ပြုတော့မည်ဖြစ်သော်လည်း ခရီးဝေးပြေးဆွဲသည့် အထူး ဘတ်စ်ကားများ၊ အငှားယာဉ် (နံပါတ်နီ) များနှင့် ခရီးသွားမည့် အိမ်စီးကားများကိုမူ လမ်းခရီး တစ်လျှောက်ရှိ ဆီဆိုင်များတွင် Scan ဖတ်၍ လိုအပ်သလို ဝယ်ယူခွင့်ပြုမည်ဟု ဆိုသည်။

“တက္ကစီသမားတွေ ပိုထုတ်ခွင့်ရရင် ကားခတွေ ဈေးတက်စရာ မရှိတော့ဘူး။ အခုက ဆီမလုံလောက်လို့ အပြင်ဈေးကွက်မှာ ဈေးကြီးပေးဝယ်ရရင် အဲဒီစရိတ်က ခရီးသည်အပေါ်ပဲ ကျတာ။ အခုလည်း ဆီရဖို့ မနက်အစောကြီးကတည်းက နှစ်နာရီလောက် တန်းစီနေရတုန်းပဲ” ဟု ဝါရင့်တက္ကစီယာဉ်မောင်း တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိ စက်သုံးဆီ ခွဲတမ်း (Quota) သတ်မှတ်ချက်အရ တစ်ပတ်အတွင်း ဆိုင်ကယ် ၈ လီတာ (နှစ်ကြိမ်)၊ သုံးဘီး ၂၅ လီတာ (သုံးကြိမ်)၊ အိမ်စီးကားနှင့် ဌာနဆိုင်ရာယာဉ် (နံပါတ်နက်) ၄၀ လီတာ (နှစ်ကြိမ်) နှင့် တက္ကစီ (နံပါတ်နီ) လီတာ ၉၀ မှ ၁၀၀ (သုံးကြိမ်) သာ ဝယ်ယူခွင့်ရှိကြောင်း သိရသည်။
ထို့ပြင် လူမှုရေးကူညီပေးရေးယာဉ်များ၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်၊ စည်ပင်အမှိုက်သိမ်းယာဉ်နှင့် ရေပုပ်စုပ်ယာဉ်များကိုမူ ခွဲတမ်းသတ်မှတ်ချက်မရှိဘဲ ၎င်းတို့၏ စက်စွမ်းအင် ပမာဏအလိုက် ဝယ်ယူခွင့်ပြုမည်ဟု ဆိုသည်။ စက်မှုလယ်ယာကဏ္ဍတွင် အသုံးပြုမည့် ထွန်စက်များ၊ လယ်ယာသုံး စက်ကိရိယာများအပြင် အိမ်တွင်းစက်မှုလုပ်ငန်းများနှင့် မီးစက်များအတွက်မူ သတ်မှတ်ပုံစံများတွင် အသေးစိတ် ဖြည့်သွင်းလျှောက်ထားပြီးမှသာ နီးစပ်ရာ အရောင်းဆိုင်များတွင် ဝယ်ယူခွင့်ရရှိမည် ဖြစ်သည်။
လက်ရှိတွင် စက်သုံးဆီဈေးနှုန်းများ အဆမတန် မြင့်တက်ကာ စက်သုံးဆီကို ခွဲတမ်းစနစ်ဖြင့် ကန့်သတ်ရောင်းချနေသော်လည်း မော်တော်ယာဉ် မောင်းနှင်မှုများအတွက် စုံ/မ စနစ် သတ်မှတ်ချက်မှာ ယနေ့ထက်တိုင် ရှိနေဆဲဖြစ်သည်။ စက်သုံးဆီဈေးနှုန်း မြင့်တက်လာခြင်းနှင့်အတူ သယ်ယူပို့ဆောင်ရေး စရိတ်များကြောင့် အခြေခံကုန်ဈေးနှုန်းများအပေါ် ထပ်မံရိုက်ခတ်လာမည့် အခြေအနေကို ပြည်သူ များက စိုးရိမ်လျက်ရှိသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်