ဧရာဝတီတိုင်းမ်
မတ် ၂၇ ရက်
တောင်ကိုရီးယားရောက် မြန်မာ့နွေဦးတော်လှန်ရေးအင်အားစုများက ယမန်နေ့မတ် ၂၆ ရက်နေ့ ညနေပိုင်းတွင် ဆိုးလ်မြို့တွင်ကျင်းပသည့် စစ်ကော်မရှင်၏ ‘တပ်မတော်နေ့ဂုဏ်ပြုညစာစားပွဲ’ ပြုလုပ်ခြင်းကို ဆန့်ကျင်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
တပ်မတော်နေ့ညစာစားပွဲ ကျင်းပမည့် ဆိုးလ်မြို့ရှိ Mondrian ဟိုတယ်ရှေ့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အယောက် ၅ဝ ကျော်က စစ်တပ်၏ လုပ်ရပ်များကို ရှုတ်ချသည့်ပိုစတာများ၊ ဗီနိုင်းများကို ကိုင်ဆောင်ကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

“အကြမ်းဖက်စစ်အုပ်စုအနေနဲ့ သူတို့ကျင်းပပြုလုပ်မယ့် ဟိုတယ်ကိုကားတွေလာရင် ကျန်တဲ့နိုင်ငံက သက်ဆိုင်ရာအာဆီယံနိုင်ငံတွေရဲ့ ကားရှေ့မှာဆို နိုင်ငံရဲ့အလံလေးတွေထောင်လာတယ်တယ်။ မြန်မာကိုယ်စားပြုအလံကျ တိုင်ပဲထားထားတယ် အလံကိုလိပ်ပြီးတော့ ထားတာတွေ့ရတယ်။ ၂၀၂၃ တုန်းက ကျွန်တော်တို့ဆန္ဒပြတုန်းကဆို သေချာလေးအလံထောင်ပြီးရဲရဲဝံ့ဝံ့လာတာ။ ဒီတခေါက်မှာတော့ ပုန်းလျှိုးကွယ်လျှိုးလာခဲ့တာ” ဟု ဆန္ဒပြပွဲတွင်ဦးဆောင်ပါဝင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်လက်အောက်ခံ သံရုံးအဖွဲ့ဝင်များမှာ တိတ်တဆိတ်သာ ဟိုတယ်သို့ဝင်ရောက်ခဲ့ရပြီး စစ်အုပ်စု နှင့်အကျိုးစီးပွါးပက်သက်နေသူများလည်း ညစာစားပွဲသို့ တက်ရောက်ကြကြောင်းလည်း သိရသည်။

ထို့ပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်တပ်ထံသို့ လက်နက်နှင့် လေယာဉ်ဆီ ရောင်းချနေမှုများကို ချက်ချင်းရပ်တန့်ရန် နှင့် စစ်ရာဇဝတ်ကောင်များကို ICC တွင် အမြန်ဆုံးအရေးယူပေးရန် စသည့်အချက်များကိုလည်း ဆန္ဒပြပွဲတွင် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
ဆန္ဒပြပွဲသို့ ကိုရီးယားရောက်မြန်မာနိုင်ငံသားများအပြင် မြန်မာ့ဒီမိုကရေစီအရေးကို ဝန်းရံနေကြသည့် ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများကလည်း ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့။