ဧရာဝတီတိုင်းမ်
မတ် ၂၇ ရက်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ချွေးမဖြစ်သူ မမျိုးရတနာထိုက် အမည်ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Issara Residence Rama 9 အိမ်ရာစီမံကိန်းတွင် ဘတ် ၉၈ သန်းတန် ဇိမ်ခံအိမ်ခန်း ဝယ်ယူမှုသည် ထိုင်းနိုင်ငံ၏ ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုသင့်ကြောင်း Justice For Myanmar (JFM) က မတ် ၂၆ ရက်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါ တန်ဖိုးကြီး အိမ်ခြံမြေ ဝယ်ယူမှုများတွင် ပါဝင်ပတ်သက်သူများကို ထိုင်းအစိုးရအနေဖြင့် စုံစမ်းစစ်ဆေးကာ တရားစွဲဆိုခြင်းနှင့် ပိုင်ဆိုင်မှုများ သိမ်းဆည်းခြင်းများ ပြုလုပ်ရန် JFM က တိုက်တွန်းထားသည်။
နိုင်ငံခြားသား မြေပိုင်ဆိုင်ခွင့်ကို တားမြစ်ထားသည့် ထိုင်းနိုင်ငံ၏ ဥပဒေများကို ရှောင်လွှဲနိုင်ရန်အတွက် ထိုင်းစတော့အိတ်ချိန်းဝင် Charn Issara ကုမ္ပဏီ၏ ပံ့ပိုးမှုဖြင့် Emerald Princess အမည်ရှိ ကြားခံရုပ်ပြ ကုမ္ပဏီတစ်ခုကို တည်ထောင်ကာ အိမ်ရာပိုင်ဆိုင်မှုများကို လွှဲပြောင်းရယူခဲ့ခြင်းဖြစ်ကြောင်း JFM က ထောက်ပြ သည်။

“မင်းအောင်လှိုင်က မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေချိန်မှာ သူ့မိသားစုက မတရားရရှိထားတဲ့ ငွေကြေးတွေကို ထိုင်းနိုင်ငံမှာ အပန်းဖြေ ရင်းနှီးမြှုပ်နှံနေတာဟာ အလွန်ရွံရှာ စက်ဆုပ်ဖွယ် ကောင်းပါတယ်။ စစ်အုပ်စုနဲ့ ခရိုနီတွေဆီက တရားမဝင်ငွေကြေးတွေ ထိုင်းနိုင်ငံထဲ စီးဝင်လာမှုကို တားဆီးဖို့ ထိုင်းအစိုးရ ပျက်ကွက်နေတာ ဖြစ်တယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားသည်။
အဆိုပါ Issara Residence Rama 9 အိမ်ရာကို ထိုင်းစတော့အိတ်ချိန်းဝင် Charn Issara Public Company Limited မှ ရောင်းချခြင်းဖြစ်ပြီး မင်းအောင်လှိုင်၏ ကြားခံကုမ္ပဏီ ထိုင်းနိုင်ငံသား သုံးဦးပိုင်ဆိုင်ခွင့်ယူထားသော Emerald Princess Company Limited ထံလွှဲပြောင်းထား ခြင်းဖြစ်သည်။
Emerald Princess ကဲ့သို့ ကြားခံကုမ္ပဏီကို အသုံးပြုခြင်းသည် ထိုင်းနိုင်ငံ၏ မြေယာပိုင်ဆိုင်မှုဥပဒေ (Land Code Act) ပုဒ်မ ၁၁၃ နှင့် နိုင်ငံခြားစီးပွားရေးလုပ်ငန်း အက်ဥပဒေ (Foreign Business Act) ပုဒ်မ ၃၆ တို့အရ ရာဇဝတ်ပြစ်မှုမြောက်သည့်အပြင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃ အရလည်း အရေးယူနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ထိုင်းအာဏာပိုင်များအနေဖြင့် စစ်ခေါင်းဆောင်နှင့် မိသားစုဝင်များ၊ စစ်အုပ်စုခရိုနီ ထွန်းမင်းလတ်၊ Emerald Princess ကုမ္ပဏီနှင့် Charn Issara ကုမ္ပဏီတို့ကို ချက်ချင်း စုံစမ်းစစ်ဆေးပြီး ဒဏ်ငွေချမှတ်ခြင်းနှင့် ပိုင်ဆိုင်မှုများ သိမ်းဆည်းခြင်းများ လုပ်ဆောင်ရန် JFM က တောင်းဆိုထားသည်။
ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးနှင့် ငွေကြေးခဝါချမှုများဖြင့် ၂၀၂၂ ခုနှစ်က ဖမ်းဆီးခံခဲ့ရသည့် စစ်အုပ်စု ခရိုနီထွန်းမင်းလတ်သည် ၂၀၂၄ ခုနှစ်အတွင်း တရားသေ ပြန်လည်လွတ်မြောက် လာခဲ့သော်လည်း ၎င်းနှင့် စစ်ခေါင်းဆောင်မိသားစု၏ စီးပွားရေး ပတ်သက်မှုများမှာမူ ယခုကဲ့သို့ ဆက်လက် ထွက်ပေါ် နေခြင်း ဖြစ်သည်။
ဓာတ်ပုံ – JFM, Charn Issara