ဧရာဝတီတိုင်းမ်
မတ် ၂၇ ရက်

 

စစ်ရေးအရ အရေးနိမ့်နေသည့် စစ်ကော်မရှင်သည် နိုင်ငံတော်နှင့် စစ်တပ်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လက်ခံယုံကြည်သည့် အာရက္ခတပ်တော် (AA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့ဝင်များ လက်နက်များနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည်ဟုဆိုကာ ဝါဒဖြန့် ထုတ်ပြန်လာသည်။

 

ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) ဧရာဝတီခန်းမတွင် မတ် ၂၆ ရက်နေ့က AA အဖွဲ့ဝင် ၁၀ ဦး နှင့် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှ PDF အဖွဲ့ဝင် ၈ ဦး အပါအဝင် စုစုပေါင်း ၂၈ ဦး လက်နက်နှင့်တကွ အလင်းဝင်ရောက်လာသည်ဟုဆိုကာ ကြိုဆိုပွဲတစ်ခုကို ဖန်တီးခဲ့သည်။

 

အလင်းဝင်လာသည့် PDF များမှာ ဧရာဝတီတိုင်းအတွင်းရှိ ကျိုက်လတ်၊ အင်္ဂပူ၊ ရေကြည်၊ လေးမျက်နှာ၊ ရွှေသောင်ယံ၊ ဟိုင်းကြီးကျွန်း နှင့် ကြံခင်းမြို့နယ်တို့မှဖြစ်ပြီး AA တပ်ဖွဲ့ဝင်များမှာ ရခိုင်ပြည်နယ် အတွင်းရှိ သံတွဲ၊ မြေပုံ၊ မြောက်ဦး၊ ရမ်းဗြဲ၊ ဂွ၊ ပုဏ္ဏားကျွန်း နှင့် မောင်တောမြို့နယ်တို့မှ ဖြစ်သည်ဟု စစ်ကော်မရှင်က အမည်တပ် ဖော်ပြခဲ့သည်။

ထို့ပြင် လက်နက်ခဲယမ်းများအတွက်ဟုဆိုကာ ဆုကြေးငွေ ကျပ် ၄၂၇ သိန်းကျော်ကိုလည်း ထောက်ပံ့ခဲ့ သည်ဟု ဆိုသည်။

 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ကို PDF နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ လက်နက်နှင့်တကွ အလင်းဝင် ရောက်လာသည်ဟု အလွန် အကျွံဝါဒဖြန့်မှုများ ပြုလုပ်ခဲ့သည်။

 

ယခု ဧရာဝတီတိုင်းအတွင်း ဝါဒဖြန့်ပွဲတွင်မူ စစ်ကော်မရှင်က ထုတ်ပြသည့်လက်နက်များနှင့် မြေပြင်တွင် တော်လှန်ရေးတပ်ဖွဲ့များ အသုံးပြုနေသည့် လက်နက်များကွဲပြားမှုကို ထောက်ပြခံရသည့် အတွက် ယခုဧရာဝတီတိုင်းအတွင်း ကြိုဆိုပွဲတွင် MA Series သေနတ်များ အပ်နှံသည်ဟု ဖော်ပြလာသည်။

 

အဆိုပါကြိုဆိုပွဲကို ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် နတခတိုင်းမှူး ဗိုလ်ချုပ်စိုးကျော်ထက် တို့က ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

 

ဓာတ်ပုံ-စစ်ကော်မရှင်