ဧရာဝတီတိုင်းမ်
မတ် ၂၆ ရက်
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မန်းချောင်း၊ ကြောင်နွားသိုးဆည်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂၀ ဦးသေဆုံးသွားပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ယမန်နေ့ မတ် ၂၅ ရက်နေ့က ငဖဲမြို့ မန်းချောင်း (ကြောင်နွားသိုး)ဆည်သို့ ထွက်လာသည့်စစ်ကြောင်း မန်းချောင်းဆည် ရေပိုလွှဲအရှေ့ဘက် မီတာ ၉၀၀ ကျော်အတွင်း ယာယီတပ်စွဲရာနေရာကို ချင်းကာကွယ် ရေးတပ်-အရှိုနှင့် လူ့ဘောင်သစ်တပ်မတော် NSA တို့ ပူးပေါင်း၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကြောင်းထက်ဝက်ခန့် သေဆုံးသွားကြောင်း CDS-Asho က ထုတ်ပြန်သည်။

အဆိုပါစစ်ကြောင်းမှာ ငဖဲမြို့အနောက်ဘက် တောရကျောင်းတွင် တပ်စွဲထားသည့် အင်အား ၅၀ ကျော်ပါ စစ်ကြောင်းဖြစ်ပြီး စစ်ကြောင်းထိုးထွက်လာရာ ယာယီတပ်စွဲနေရာတွင် ထိုးစစ်ဆင် တိုက်ခိုက်ခံလိုက်ရခြင်းဖြစ်သည်။
ငဖဲမြို့နယ်အတွင်း နတ်ရေကန်ဗျူဟာ၌လည်း တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကော်မရှင်က စစ်ကူဆက်တိုက်ပို့နေရာ အဆိုပါစစ်ကြောင်းများလည်းတိုက်ခိုက်ခံရပြီး တပ်ဆုတ်နေရကြောင်း သိရသည်။
နတ်ရေကန်သို့ စစ်ကူပို့နိုင်သည့် ပဇီနှင့် ဂုတ်ကြီးလမ်းပိုင်းတွင်လည်း တိုက်ပွဲဖြစ်နေကာ စစ်ယာဥ်တန်းများ ပျက်စီးသည်အထိ စစ်ကော်မရှင်ဘက်မှ အရေးနိမ့်နေကြောင်း သိရသည်။