ဧရာဝတီတိုင်းမ်
မတ် ၂၆ ရက်
စစ်ကိုင်းငလျှင်ကြီး လှုပ်ခတ်မှုတစ်နှစ်ပြည့်ခါနီးအချိန်တွင် ယင်းနောက်ဆက်တွဲအဖြစ် ယနေ့ မတ် ၂၆ ရက်နေ့၌ မန္တလေးမြို့တွင် အင်အားအသင့်အတင့်ငလျင်လှုပ်ခတ်သွားကြောင်း စစ်ကော်မရှင်လက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၏ အရှေ့ဘက် နှစ် မိုင်ခန့်အကွာ အနက် ၁၂ ကီလိုမီတာကိုဗဟိုပြုပြီး အင်အားပမာဏ ၄ ဒသမ ၃ ရစ်(ခ်)တာစကေး ငလျင်လှုပ်ခတ်သွားကြောင်း မန္တလေးနှင့်စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်မှုနောက်ဆက်တွဲမြေငလျင်သတင်းအမှတ်စဉ် ၂၉၁ အဖြစ်ထုတ်ပြန်သည်။
” မန္တလေးငလျင်လှုပ်တာကြမ်းတယ်။ သိမ့်ကနဲဖြစ်သွားတယ်။ တစ်နှစ်ပြည့်တော့မှာကို သတိပေးနေသလိုပဲ။ ခဏပဲလှုပ်လို့တော်သေးတယ်။ လန့်သွားတယ် ” ဟုမန္တလေးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်နေ့တွင် မန္တလေးနှင့် စစ်ကိုင်းအခြေပြုကာ အင်အား ၇ ဒသမ ၇ နှင့် ၇ ဒသမ ၅ ရစ်ခ်တာစကေးရှိ ငလျင်နှစ်ကြိမ်လှုပ်ခတ်မှုကြောင့် လူဦးရေ ၃,၈၀၀ ကျော်သေဆုံးပြီး လူဦးရေသိန်းနှင့်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ကာ အခြေခံအဆောက်အအုံများစွာထိခိုက်ပျက်စီးခဲ့သည်။
ဓာတ်ပုံ – မိုး/ဇလ