‎ဧရာဝတီတိုင်းမ်
‎မတ် ၂၆ ရက်

‎မ‌ကွေးတိုင်းအတွင်းရှိ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးဗျူဟာကုန်းကို စစ်ကူနှင့် ခဲယမ်းပို့သည့် စစ်ကော်မရှင်ယာဉ်တန်း တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်မှုများပြားကြောင်း သိရသည်။

‎စစ်ကော်မရှင် အရာရှိပိုင်းဦးဆောင်၍ ခဲယမ်းတင်ဆောင်လာသည့်ယာဉ်တန်းကို ပြီးခဲ့သည့် မတ် ၂၃ ရက်က နတ်ရေကန်အသွားလမ်းတွင် AAက တိုက်ခိုက်ခဲ့သည့်အတွက် ယာဉ်အချို့ပျက်စီးပြီး စစ်ကော်မရှင်တပ်ဖွဲ့များ ထိခိုက်သေဆုံးကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

‎”စစ်အရာရှိအပါအဝင် သေဆုံးသူများတယ်။ ကားတွေလည်း ပျက်စီးသွားတယ်။ မစခ ၉၀၅ ဘက် ထိခိုက်တဲ့သူတွေသယ်သွားတယ်ပြောတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎အရပ်ဘက်သုံး ယာဉ်များကို စစ်ကော်မရှင်က ချောဆွဲလာပြီး ခဲယမ်းနှင့် စစ်ကူ များတင်ပို့နေကာ ခဲယမ်းယာဉ်တန်းနှင့်အတူ အင်အား ၂၀ခန့်ပါသည်ဟု သိရသည်။

‎မကြာသေးမီကလည်း ခဲယမ်းကားအပါအဝင် စစ်ကူ စစ်ယာဉ်တန်း ၂၉စီး အင်အား ၆၀၀ ခန့်ကို ပဇီနှင့် ဂုတ်ကြီး လမ်းတို့တွင် စစ်ကော်မရှင်က စစ်ကြောင်းခွဲကာ စေလွှတ်ထားပြီး တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

‎အမြောက်စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှနေ၍ စစ်ကူများဆက်တိုက်ပို့လွှတ်နေပြီး တိုက်ခိုက်ခဲ့ရမှုဖြစ်စဉ်ပြီးနောက် အမြောက်ဌာနချုပ်အတွင်း လူနာတင်ယာဉ် အဝင်အထွက် များနေကြောင်း သိရသည်။

‎ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကော်မရှင်က စစ်ကြောင်းများခွဲ၍ နတ်ရေကန်ကို စစ်ကူအင်အား ဖြည့်ရန်ကြိုးစားနေခြင်းဖြစ်သည်။