ဧရာဝတီတိုင်းမ်
မတ် ၂၆ ရက်
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ-၁၆) အနီးသို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်များ တိုက်ခိုက်ခံရသဖြင့် နောက်ပြန်ဆုတ်ပြေး ခဲ့ရကြောင်း သိရသည်။
ကပစ-၁၆ အနီးနှင့် လေလာတောင်ဘက်မှ ညောင်ကျိုးကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်များကို ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့တွင် အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့တိုက်ခိုက်မှုကြောင့် မသုန်ရွာအနီးရှိ ကပစ-၁၆ မှ အင်အား ၁၀၀ ခန့်ဖြင့် ထွက်လာသော အဆိုပါ စစ်ကြောင်းသည် တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများပြားကာ တပ်ဆုတ်သွားခဲ့ရခြင်း ဖြစ်သည်။

“စခန်းနဲ့ တစ်မိုင်သာသာလောက်ပဲကွာတော့လို့ အမျိုး သမီးတွေကိုတောင် လက်နက်တပ်ဆင် ပေးထား တယ်။ ခုရက်ပိုင်း တိုက်ပွဲတွေပြန်ပြင်းထန်လာတယ်။ စက်ရုံထဲက ခံစစ်တစ်ခုလိုပြင်ထားတာ ပစ္စည်းတွေ ကိုရွှေ့ပြောင်းထားပြီ”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
AA တပ်ဖွဲ့များ စက်ရုံအနီးအထိ ရောက်ရှိလာခြင်းကြောင့် စစ်ကော်မရှင်က စက်ရုံ၏ ထုတ်လုပ်ရေး ပိုင်းကို ရပ်နားထားကာ ပစ္စည်းများကို ရွှေ့ပြောင်းခြင်း၊ လူအင်အားဖြည့်တင်းခြင်းနှင့် ကာကင်းစခန်းများ တိုးမြှင့်ဆောက်လုပ်ခြင်းဖြင့် ခံစစ်စခန်းအသွင် ပြင်ဆင်နေကြောင်း သိရသည်။
အဆိုပါ ပန်းတောင်းနယ်မြေ စစ်ဆင်ရေးများတွင် အာရက္ခတပ်တော် (AA) နှင့်အတူ ဗမာပြည်သူ့လွတ် မြောက်ရေးတပ်တော် (BPLA)၊ မြေလတ်စစ်ဒေသ အမှတ် (၂၀၃) ဗျူဟာ၊ အညာစစ်ဒေသ အမှတ် (၃၀၈) ဗျူဟာတို့ ပူးပေါင်းတိုက်ခိုက်နေကြောင်း BPLA က မတ်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည်။
ထို့အတူ ဧရာဝတီတိုင်းမှ PDF တပ်ရင်းအချို့နှင့် အရှိုချင်းတော်လှန်ရေးတပ် (ASDF) တို့လည်း ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။
လက်ရှိတွင် AA သိမ်းပိုက်ထားသည့် ညောင်ကျိုးစခန်းဘက်သို့ လေလာတောင် ပတ်ဝန်းကျင်ရှိ စစ်ကော်မရှင်စစ်ကြောင်းများက စစ်ကြောင်းထိုးရန် ကြိုးပမ်းနေသဖြင့် တိုက်ပွဲများ ဆက်လက် ပြင်းထန် နေဆဲ ဖြစ်သည်။
ဓာတ်ပုံ-လူမှုကွန်ရက်