ဧရာဝတီတိုင်းမ်
မတ် ၂၆ ရက်
သင်္ကြန်ရက်နီးချိန်တွင် ကုန်ဈေးနှုန်းတက်လေ့ရှိသော မြန်မာနိုင်ငံတွင် စက်သုံးဆီအကျပ်အတည်း ထပ်ကြုံရသည့်အတွက် အခြေခံစားသောက်ကုန်များအပါအဝင် ဟင်းသီးဟင်းရွက်များ ဈေးတက်လာကြောင်း သတင်းရရှိသည်။
လက်ရှိစက်သုံးဆီအခက်အခဲကြောင့် အခြေခံစားသောက်ကုန်စည် ဆန်၊ ဆီ၊ သားငါးနှင့် ဟင်းသီးဟင်းရွက်များ ဈေးထပ်မံမြင့်တက်နေကြောင်း ရန်ကုန်မြို့ခံအိမ်ရှင်မတစ်ဦးက ပြောကြားသည်။
ပေါ်ဆန်းအမျိုးအစားထဲမှ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၂၂၀,၀၀၀ ကျပ် ၊ ဧရာဝတီပေါ်ဆန်း ကျပ် ၂၀၀,၀၀၀ နှင့်ကျားပျံ ၁၈၀,၀၀၀ ကျပ်ဈေးရှိရာမှ ဆန်အမျိုးအစားကွာခြားချက်အလိုက် ကျပ် တစ်သောင်းမှ တစ်သောင်းခွဲကြားဈေးထပ်မံမြင့်တက်သွားကြောင်း သိရသည်။

ထို့ပြင်စစ်ကော်မရှင်၏ ရည်ညွှန်းဈေးမှာ စားအုန်းဆီတစ်ပိဿာ ကျပ် ၆,၆၀၀ ကျပ် သတ်မှတ်ထားသော်လည်း ပြင်ပပေါက်ဈေးတွင် ကျပ် ၁,၁၅၀၀ ရှိပြီး မြေပဲဆီဈေးများ မြင့်တက်ကာ တစ်ပိဿာ ကျပ် ၂၀,၀၀၀ ဈေးမှ ၂၂,၀၀၀ ကျပ်ဖြစ်သွားကြောင်းသိရသည်။
လက်ရှိဟင်းသီးဟင်းရွက်ဈေးနှုန်းများသည် သံပုရာသီးတစ်လုံး တစ်ထောင်၊ သံပယိုသီးတစ်လုံး ခုနစ်ရာနှင့် ရှောက်သီးတစ်လုံး ငါးထောင်ကျပ်ဖြစ်ကာ ချည်ပေါင်ရွက်၊ကန်စွန်းရွက်တစ်စီး လျှင် ကျပ်တစ်ထောင်ကျော်နေပြီဖြစ်ကြောင်း အိမ်ရှင်မများထံက သိရသည်။
“ ဈေးတွေကအကုန်တက်နေတာ မီးဖိုချောင်သုံးဟင်းချက်စရာအမယ်စုံဆိုရင် တက်တာ ၅၀၀ ကျပ်နဲ့ တစ်ထောင်လောက်ထိတက်တာရှိတယ်။ ဆားတို့ ငံပြာရည် အချိုမှုန့်ပေါ့။ အခြားစားသောက်ကုန် တွေလည်းတက်တယ်။ ဈေးကိုမသွားချင်တော့ဘူး” ဟု မရမ်းကုန်းမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။

စက်သုံးဆီအခက်အခဲကြောင့် ပင်လယ်ငါးဖမ်းလှေများရပ်နားလိုက်သဖြင့် ပင်လယ် ငါးရှားပါးမှုဖြစ်ပေါ်ကာ ဈေးနှုန်းမြင့်တက်နေပြီး ငါးပိ၊ငါးခြောက်ဈေးများလည်းမြင့်တက်နေကြောင်း သိရသည်။
ယင်းပြင် ကြက်သွန်နီ၊ အာလူးအပါအဝင် ကုန်ခြောက်ပစ္စည်းများဈေးတက်ခြင်း၊ ဆေးဝါးအချို့ရှားပါးခြင်း လူအသုံးအဆောင်ပစ္စည်းများလည်း ဈေးပွက်အတွင်း ပြတ်လပ်နေကြောင်းသိရသည်။
လက်ရှိတွင်စားအုန်းဆီကို အိမ်ထောင်စုတစ်စုလျှင် နှစ် ပိဿာ ငါးဆယ် ကျပ်သားနှုန်းဖြင့် တစ်လတစ်ကြိမ်ဝယ်ယူနိုင်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက အိမ်တိုင်ရာရောက်ပို့ဆောင်ပေးနေပြီး ဆန်အိမ်အရောက်ပို့ဝန်ဆောင်မှုပေးနေသော မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံစပါးကုန်သည်များ အသင်းတို့က စက်သုံးဆီအခက်အခဲကြောင့်ရပ်နားထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်