ဧရာဝတီတိုင်းမ်
မတ် ၂၆ ရက်
မြန်မာနိုင်ငံအတွင်း တောင်ယာမီးရှို့မှုနှင့် တောမီးလောင်ကျွမ်းမှု နေရာပေါင်း ၆,၀၀၀ ကျော်ရှိနေပြီး အဆိုပါနေရာများမှ ထွက်ပေါ်လာသည့် နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့များကြောင့် ထိုင်းနိုင်ငံအတွင်း လေထုညစ်ညမ်းမှုပြဿနာ ဆိုးရွားစွာ ကြုံတွေ့နေရကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ ပထဝီဝင်သတင်းအချက်အလက်နှင့် အာကာသနည်းပညာ ဖွံ့ဖြိုးရေးအေဂျင်စီ (GISTDA) ၏ မတ်လ ၂၃ ရက်နေ့ ဂြိုဟ်တုမှတ်တမ်းများအရ မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်း မီးခိုးငွေ့ အများဆုံး ထွက်ရှိရာနိုင်ငံ ဖြစ်နေပြီး မီးလောင်ကျွမ်းရာနေရာပေါင်း ၆,၅၈၁ ခုအထိ ရှိနေကြောင်း ထုတ်ပြန်ထားသည်။
အထူးသဖြင့် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် တောင်ယာမီးရှို့မှုများ အများအပြား ရှိနေခြင်းကြောင့် မီးခိုးငွေ့များမှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ လွင့်ပါးရောက်ရှိလာကာ နယ်စပ်ဒေသများတွင် လေထု ညစ်ညမ်းမှု PM 2.5 အဆင့်ရှိကာ စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ထိုင်းသတင်း မီဒီယာများက ဖော်ပြကြသည်။

ထိုင်းသဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ချရေးဌာန (DDPM) သည် ယနေ့ မတ်လ ၂၆ ရက်နေ့တွင် တာ့ခရိုင်အပါအဝင် နယ်စပ်ဒေသရှိ ပြည်သူများထံသို့ ဖုန်းစာတို (SMS) မှတစ်ဆင့် သတိ ပေးချက်များ ပေးပို့ခဲ့သည်။
အဆိုပါ သတိပေးချက်တွင် လေထုညစ်ညမ်းမှုကြောင့် မဖြစ်မနေကိစ္စမှလွဲ၍ အပြင်မထွက်ရန်၊ ထွက်ပါက နှာခေါင်းစည်း (Mask) များ တပ်ဆင်ရန်နှင့် ကျန်းမာရေး လက္ခဏာ မူမမှန်ပါက ဆေးရုံ ပြသရန် တိုက်တွန်းထားသည်။
GISTDA ၏ အချက်အလက်များအရ ထိုင်းနိုင်ငံအတွင်း၌လည်း မီးလောင်ရာနေရာ ၁,၄၈၈ ခုရှိနေပြီး ၎င်းတို့အနက် ၈၀ ရာခိုင်နှုန်းမှာ သစ်တောကြိုးဝိုင်းများအတွင်း လောင်ကျွမ်းနေသည့် တောမီးများ ဖြစ်ပြီး စိုက်ပျိုးရေးဒေသများနှင့် လူနေရပ်ကွက်များတွင်လည်း မီးလောင်ကျွမ်းမှုများ ရှိကြောင်း သိရသည်။
ထိုင်းအစိုးရအနေဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့ပြဿနာကို အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း ဖြေရှင်းရန် ကြိုးပမ်းနေသော်လည်း လက်ရှိတွင် မြန်မာနိုင်ငံ၏ မီးလောင်ကျွမ်းမှု အခြေအနေမှာ ဒေသတွင်း၌ အဆိုးရွားဆုံး ဖြစ်နေကြောင်း GISTDAက ပြောဆိုထားသည်။
ကိုးကား – The Nation Thailand