ဧရာဝတီတိုင်းမ်
မတ် ၂၆ ရက်

မြန်မာနိုင်ငံအတွင်း အာဏာသိမ်းစစ်ကော်မရှင်အတွက် ဘဏ္ဍာငွေရှာဖွေပေးနေသည့် လုပ်ငန်းများကို ချက်ချင်းရပ်တန့်ပေးရန် ဂျပန်ဘဏ္ဍာရေးကုမ္ပဏီများဖြစ်သော Daiwa Institute of Research (DIR) နှင့် Japan Exchange Group (JPX) တို့ကို Justice For Myanmar အပါအဝင် ဂျပန်-မြန်မာ အရပ်ဘက်အဖွဲ့အစည်း ၇ ဖွဲ့က တိုက်တွန်းတောင်းဆိုလိုက်သည်။

အဆိုပါ ဂျပန်ကုမ္ပဏီများသည် စစ်ကော်မရှင်အတွက် ငွေတိုက်စာချုပ် ဝန်ဆောင်မှုပေးခြင်းနှင့် စစ်အုပ်စုနှင့် ဆက်နွှယ်သည့် ကုမ္ပဏီများကို စတော့ဈေးကွက်တွင် စာရင်းသွင်းပေးခြင်းတို့ဖြင့် စစ်အုပ်စု၏ ရန်ပုံငွေရှာဖွေရေးကို ကူညီပေးနေဆဲဖြစ်ကြောင်း သိရသည်။

“နိုင်ငံတဝှမ်း လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေပြီး နိုင်ငံတကာရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူခံရခြင်း ကင်းလွတ်စွာ ကျူးလွန်နေတဲ့ စစ်အုပ်စုအတွက် ငွေကြေးစီးဆင်းမှုတွေကို ဂျပန်ကုမ္ပဏီတွေက ကူညီပေးနေတာဟာ လုံးဝလက်ခံနိုင်ဖွယ်မရှိပါဘူး” ဟု Justice For Myanmar ၏ ပြောခွင့်ရပုဂ္ဂိုလ် မရတနာမောင်က ပြောကြားသည်။

ဂျပန်နိုင်ငံသည် မြန်မာ့ရင်းနှီးမြှုပ်နှံမှုဈေးကွက်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသူဖြစ်သည့်အတွက် စစ်ကော်မရှင်ထံ ဘဏ္ဍာငွေစီးဆင်းမှုများကို တားဆီးရန်နှင့် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများကို လိုက်နာရန်လည်း ၎င်းက ဆိုသည်။

ဂျပန်အစိုးရနှင့် ကုမ္ပဏီများသည် မြန်မာ့စတော့အိတ်ချိန်းဈေးကွက် တည်ထောင်ရေးနှင့် ဥပဒေရေးရာ ပံ့ပိုးမှုများကို စတင်ချိန်မှစ၍ ယနေ့အထိ ပါဝင်ပတ်သက်နေကြောင်း သိရသည်။

DIR ကုမ္ပဏီသည် မြန်မာ့စီးပွားရေးဘဏ် (MEB) နှင့် ဖက်စပ်လုပ်ကိုင်ကာ ငွေချေးသက်သေခံလက်မှတ် လဲလှယ်ရောင်းဝယ်ရေးစင်တာ (MSEC) ကို ၁၉၉၆ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာက ပိတ်ဆို့ထားသည့် MEB ကို စစ်ကော်မရှင်က ထိန်းချုပ်ကာ လက်နက်ဝယ်ယူရန် နိုင်ငံခြားငွေရရှိရေးအတွက် အသုံးပြုနေသလို MSEC သည်လည်း စစ်အုပ်စု အတွက် ငွေတိုက်စာချုပ်များ ရောင်းဝယ်ပေးခြင်းဖြင့် ဘဏ္ဍာငွေရှာဖွေပေးသည့် ပလက်ဖောင်းတစ်ခု အဖြစ်လည်း လုပ်ဆောင်ပေးကြောင်း သိရသည်။

ထို့ပြင် MSEC တွင် စာရင်းသွင်းထားသည့် ကုမ္ပဏီများအနက် နိုင်ငံတကာက ပိတ်ဆို့ထားသည့် မြန်မာ့သစ်လုပ်ငန်း (MTE) နှင့် ဆက်နွှယ်သော Forest Products Joint Venture (FPJV) ကုမ္ပဏီလည်း ပါဝင်ခဲ့သည်။

MTE အား အမေရိကန်၊ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် ယူကေနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ထားပြီး စစ်ကော်မရှင်မှ FPJV ကိုမူ အာဏာသိမ်းပြီးနောက်ပိုင်း အနည်းဆုံး တစ်နှစ်ကြာသည်အထိ MSEC ဝက်ဘ်ဆိုက်တွင် စာရင်းသွင်းထားရာမှ ယခုအခါ ပြန်လည်ဖြုတ်ချသွားကြောင်း Justice For Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ရန်ကုန်စတော့အိတ်ချိန်း (YSX) သည်လည်း စစ်တပ်စီးပွားရေးလုပ်ငန်းစုများနှင့် ဆက်နွှယ်သည့် ကုမ္ပဏီများ ဘဏ္ဍာငွေရှာဖွေနိုင်ရန် ကူညီပေးနေကြောင်း JFM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ-JFM