ဧရာဝတီတိုင်းမ်
မတ် ၂၆ ရက်

 

စစ်ကိုင်းတိုင်း၊ တမူးဒေသအခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (MOD) အောက် ဝင်ရောက်လာကြောင်း သိရသည်။

 

စစ်ကော်မရှင်၏ အာဏာသိမ်းမှုကို ခုခံတော်လှန်နေသည့် တမူးဒေသအခြေစိုက် NLA တပ်သည် ယခုရက်ပိုင်းအတွင်း ထိုသို့ကူးပြောင်း၍ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုကို ခံယူလာခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့မတ် ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါကွပ်ကဲမှု ခံယူခြင်း အခမ်းအနားတွင် PDF အလံတော်အား အလေးပြုခြင်း၊ PDF ဘက်တံဆိပ်များ အပ်နှင်းတပ်ဆင်ခြင်း စသည့် အစီအစဉ်များ လုပ်ဆောင်သလို NUG ၏ ဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

 

NLA သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၃ ရက်တွင် Myanmar Federal Army (MFA) အမည်ဖြင့် ပထမဆုံးသော တိုက်ပွဲကို တိုက်ခိုက်ခဲ့ပြီး NLA အဖြစ် ၂၀၂၃ ခုနှစ်၊ မတ် ၅ ရက်၌ စတင်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ ထို့ပြင် NLA သည် MOD လက်အောက်ခံမဟုတ်သည့် တပ်များစုဖွဲ့ထားသည့် SRA အဖွဲ့ဝင်တပ်ဖြစ်ပြီး ယခုအခါ MOD အောက်ကူးပြောင်းဝင်ရောက်လာခြင်းဖြစ်သည်။

ထို့အတူ NUG၊ MOD ကလည်း ၎င်းတို့ကွပ်ကဲမှု‌အောက် မရောက်ရှိသေးသည့် ဒေသကာကွယ်ရေး တပ်ဖွဲ့များအား ကွပ်ကဲမှု‌အောက် တာဝန်ထမ်းဆောင်ရန်ဖြစ်‌စေ၊ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရန်ဖြစ်‌စေ အစဉ်အမြဲကြိုဆိုလျက်ရှိကြောင်း ဆိုသည်။

ဓာတ်ပုံ-MOD