ဧရာဝတီတိုင်းမ်
မတ် ၂၆ ရက်

အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုတွေမှာ မပါဝင်တဲ့ တိုင်းပြည်များမှ သင်္ဘောတွေကို ဟော်မုဇ်ရေ လက်ကြားမှ ဖြတ်သန်းခွင့်ပြုတယ်လို့ အီရန်က ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အီရန် အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့က လူမှုကွန်ရက်မှာ အင်္ဂါနေ့က အခုလို ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့တာပါ။

ရန်သူမဟုတ်သော နိုင်ငံများမှ သင်္ဘောတွေဟာ အီရန်အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ကာ ဟော်မုဇ်ရေလက်ကြားမှ ဘေးကင်းစွာ ဖြတ်သန်းမောင်းနှင်နိုင်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ရန်သူမဟုတ်တဲ့နိုင်ငံတွေဟာ အီရန်အပေါ် ကျူးကျော်မှုမှာ ပါဝင်ခြင်း သို့မဟုတ် ထောက်ခံခြင်း မရှိရသလို ဘေးကင်းလုံခြုံရေး စည်းမျဉ်းတွေကို အပြည့်အဝ လိုက်နာရမယ်လို့ ထုတ်ပြန်ချက်က ဖော်ပြ ပါတယ်။

အီရန်နိုင်ငံဟာ ပင်လယ်ရေကြောင်း ဘေးကင်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းအဖွဲ့ (IMO) ဝင် နိုင်ငံတွေကို အလားတူ သတိပေး ချက် ပေးပို့ခဲ့ပါတယ်။

အီရန်အပေါ် စစ်ဆင်ရေးတွေ လုပ်ဆောင်နေတဲ့ အမေရိကန်၊ အစ္စရေးတို့နဲ့ ပူးပေါင်းဆောင်ရွက် နေတဲ့ တိုင်းပြည်တွေကိုဟန့်တားဖို့ အီရန်က ကြိုးပမ်းပုံပေါ်ပါတယ်။

ကိုးကား – NHK
Ref; Iran says ‘non-hostile’ ships can transit Strait of Hormuz