ဧရာဝတီတိုင်းမ်
မတ် ၂၅ ရက်

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ အင်ပင်ကြီးကျေးရွာရှိ ဒေသခံပြည်သူ ငါး ဦးကို စစ်ကော် မရှင်တပ်က ဖမ်းဆီးပြီးနောက် အသားများကို လှီးဖြတ်ခြစ်ထုတ်ကာ ခြေလက်များ ဖြတ်တောက်သည့် အထိ လူမဆန်စွာ နှိပ်စက်သတ်ဖြတ်၍ ရုပ်အလောင်းများကို ရွာပြင်တွင် စွန့်ပစ်ထားခဲ့ကြောင်း ညောင်ဦးခရိုင် ပကဖတာဝန်ရှိသူထံမှ သိရသည်။

အင်အား ၇၀ ခန့်ပါဝင်သော စစ်ကော်မရှင်စစ်ကြောင်းသည် ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့က အင်ပင်ကြီးကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်၍ ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာအတွင်းမှ ထွက်ပြေးသည့် အမျိုးသား လေးဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

သတ်ဖြတ်ခံရသူများမှာ အသက် ၄၀ အရွယ် ဒေါ်စန်းခိုင်၊ ကိုမိုက်ခဲ၊ ကိုညီအောင်၊ ကိုဇော်မျိုးအောင်နှင့် ကိုသူရလွင်တို့ ဖြစ်ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်က ဒေသခံများကို PDF စစ်ဝတ်စုံများ ဝတ်ဆင်ပေး၍ နှိပ်စက်သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပြီးမတ်လ ၂၄ ရက်နေ့ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိချိန်တွင် ကျောရိုးနှင့် ဦးခေါင်းခွံသာ ကျန်ရှိတော့သည့် အနေအထားမျိုးဖြစ်သည်အထိ ရက်စက်စွာ သတ်ဖြတ်ထားကြောင်း ညောင်ဦးခရိုင် ပကဖ တာဝန်ရှိသူက အတည်ပြုပြောကြားသည်။

“ရွာထဲကနေ ထွက်ပြေးတဲ့သူတွေကို လိုက်ဖမ်းပြီး ရက်ရက်စက်စက် သတ်ပစ်ခဲ့တာ။ PDF ယူနီ ဖောင်းတွေ ဝတ်ပေးပြီး အမျိုးသား လေး ဦးနဲ့ အမျိုးသမီး တစ် ဦး၊ စုစုပေါင်း ငါး ဦးကို သတ်ထားခဲ့တာပါ” ဟု ညောင်ဦးခရိုင် ပကဖ တာဝန်ရှိသူတစ်ဦးက ဧရာ၀တီတိုင်မ်းကို ပြောသည်။

ရုပ်အလောင်းများကို တွေ့ရှိချိန်တွင် အသားများကို လှီးထုတ်၊ ခြစ်ထုတ်ထားသည့်အပြင် ခြေလက် များကို ဖြတ်တောက်ထားပြီး အမျိုးသမီးရုပ်အလောင်းကိုမူ ကျောရိုးနှင့် ဦးခေါင်းခွံသာ ကျန်ရှိတော့သည့် အနေအထားမျိုးဖြင့် တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းသည် ယင်းနေ့တွင်ပင် ကျောင်းစုကျေးရွာမှ ပြည်သူ နှစ် ဦးကိုလည်း ထပ်မံ ဖမ်းဆီးခေါ်ဆောင်ကာ ဒေသခံများထံမှ လက်ကိုင်ဖုန်း ၆၀ ကျော်ကို ခိုးယူလုယက်ခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသည့် ပြည်သူ နှစ် ဦးကိုမူ ငွေကျပ် ၂ သိန်းဖြင့် ပြန်လည်ရွေးထုတ်ခဲ့ရကြောင်း စုံစမ်း သိရှိရသည်။

စစ်ကော်မရှင်တပ်သည် အရပ်သားများအပေါ် ယခုကဲ့သို့ လူမဆန်စွာ နှိပ်စက်သတ်ဖြတ်သည့် ဖြစ်စဉ်များကို နယ်မြေအနှံ့အပြားတွင် ကျူးလွန်လျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းကလည်း စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာတွင် ဒေသခံများကို ဖမ်းဆီးကာ အသားစများကို အရိုးသာကျန်သည်အထိ ခြစ်ထုတ်ခြင်း၊ ခြေလက်နှင့် ခေါင်းများကို ဖြတ်တောက်၍ ခြံစည်းရိုးတိုင်များတွင် ချိတ်ဆွဲခြင်းစသည့်တို့ပြုလုပ်၍ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများဖြင့် သတ်ဖြတ်ခဲ့ဖူးသည်။

ထို့ပြင် ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းကလည်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဗျိုင်းဖြူရွာသားများကို ဓာတ်ဆီ လောင်းမီးရှို့ခြင်းနှင့် အရေးပြားများလှီးဖြတ်ခြင်း ရေငတ်သူများအား ဆီးအတင်းသောက်ခိုင်းခြင်း စသည့် ညှဉ်းပန်းနှိပ်စက်မှုများကို ကျူးလွန်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အတွင်း ကလေးသူငယ်များနှင့် အမျိုးသမီးများ အပါအဝင် ဒေသခံ ၇၆ ဦးခန့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရကြောင်း အာရက္ခ တပ်တော် (AA) က ထုတ်ပြန်ခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလကလည်း တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် အရပ်သား ခုနစ် ဦး ဖမ်းဆီးပြီးနောက် ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။ အလောင်းများ ပြန်တွေ့ချိန်တွင်နားရွက်များ လှီးဖြတ် ခံထားရခြင်းအပြင် ခန္ဓာကိုယ်တွင် ညှဉ်းပန်းနှိပ်စက်ထားသည့် ဒဏ်ရာများစွာ တွေ့ရှိခဲ့သည်။

ဓာတ်ပုံ- KPG News
ပုံစာ-စစ်ကော်မရှင်တပ်က ဒေသခံများကို PDF စစ်ဝတ်စုံများ ဝတ်ဆင်ပေးထားပုံကို တွေ့ရစဉ်