ဧရာဝတီတိုင်းမ်
မတ် ၂၅ ရက်
မိုးကုတ်နှင့်မိုးမိတ်တွင် တော်လှန်ရေးတပ်များဘက်မှ ပြောက်ကျားစစ်အသွင်ပြောင်းပြီး စစ်ရေးအခြေအနေအရ လမ်းမကြီးအနီးနေရာများမှ ဆုတ်ခွာခဲ့ကြကြောင်း သိရသည်။
သပိတ်ကျင်း တွင်းငယ် – မိုးမိတ်လမ်းကို ထိန်းချုပ်ရန် ဝင်လာသည့်စစ်တပ်စစ်ကြောင်းနှင့် မိုးမိတ်မြို့မှ ဆင်းလာသည့် စစ်ကြောင်းများကြောင့် တော်လှန်ရေးတပ်ဖွဲ့များ မပိတ်စေရန်အတွက် မိုးကုတ်မြို့အနီဝန်းကျင်မှ ဗျူဟာမြောက် ဆုတ်ခွာခဲ့ကြကြောင်း စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။
“သူတို့က သပိတ်ကျင်းတွင်းငယ်ဘက်ကလည်း ရပြီးပြီ မိုးမိတ်ကလည်းရပြီးသား အဲ့ကြားထဲမှာ တော်လှန်ရေးအဖွဲ့တွေက ထိန်းထားတာ။ တကောင်းပြီးသွားတော့ လမ်းမကြီးဘက်ကို ညှပ်ထိုးလာတဲ့အချိန်ကြတော့ ဆုတ်ပေးရတဲ့သဘောပေါ့ “ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တွင်းငယ်-မိုးမိတ်လမ်းကြောင်းကို ထိန်းချုပ်ရန် ကြိုးစားနေသည့် စစ်တပ်စစ်ကြောင်းက တွင်းငယ်လမ်းမှ ကျောက်မောကျေးရွာအနီးကို ရောက်ရှိလာပြီး မိုးမိတ်မြို့မှ ထွက်လာသည့် စစ်တပ်စစ်ကြောင်းသည် ဘော်ဒေခရမ်းကျေးရွာကို ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
“ မိုးမိတ်တပ်ပေါင်းစုက လမ်းမကြီးအနားကပဲဆုတ်တာ။ အင်အားအလုံးအရင်းနဲ့ထိုးတော့ ရဲဘော်တွေ အန္တရာယ်များလို့ ဆုတ်ပေးတာ။ ဒါပေမယ့် သူတို့လည်း လမ်းဘေးတစ်လျှောက်ကိုတော့ မဝင်ရဲတဲ့အခြေအနေရှိတယ်” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စစ်ကော်မရှင်သည် တရုတ်၏ကြားဝင်တောင်းဆိုပေးမှုကြောင့် TNLA ထံမှ မိုးကုတ်မှင့် မိုးမိတ်ကို ပြန်လည်ရရှိခဲ့သော်လည်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှ တပ်ရင်းတပ်ဖွဲ့များနှင့် ပကဖများက ခုခံတိုက်ခိုက်နေသည့်အတွက် အပြည့်အဝ ထိန်းချုပ်ခွင့် မရဖြစ်နေခြင်းဖြစ်သည်။
တော်လှန်ရေးတပ်များက မိုးကုတ်-မိုးမိတ်လမ်းပိုင်းကို လေးလကြာ အပြင်းအထန် ခုခံခဲ့ကြပြီးနောက် ယခုကဲ့သို့ ဆုတ်ခွာခဲ့ခြင်းဖြစ်သည်။
TNLA က စစ်ကော်မရှင်ထံ ပြန်ပေးထားသည့် မိုးကုတ်မြို့ကို အမှတ် ၅၁၃ PDF တပ်ရင်း၊ မိုးကုတ်မြို့နယ် ပကဖ၊ Ruby Land PDF (Tri ဗျူဟာ ရင်း၄) ၊ စစ်ကိုင်း PDF၊ Red Wolves of Mogok နှင့် PLA တို့တွေ ပူးပေါင်းပြီး ခုခံကာကွယ်ခဲ့ကြကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာနက မိုးကုတ်-မိုးမိတ်စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်နေ့မှာ ဖွဲ့စည်းခဲ့သည်။