ဧရာဝတီတိုင်းမ်
မတ် ၂၅ ရက်
စစ်ကော်မရှင်က ကျင်းပခဲ့သည့် ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှ ထွက်ပေါ်လာသော လွှတ်တော်အ တွင်း အစိုးရဘတ်ဂျက်နှင့် ဥပဒေပြုရေးဆိုင်ရာ အဓိကကျသည့် ကော်မတီများကို စစ်အုပ်စုနှင့် ၎င်းတို့၏ လက်ဝေခံ ကြံ့ခိုင်ရေးပါတီက ထပ်မံနေရာယူ ဆုပ်ကိုင်လိုက်ကြောင်း သိရသည်။
အဆိုပါ လွှတ်တော်၏ အမြဲတမ်းကော်မတီလေးခုဖြစ်သော ပြည်သူ့ငွေစာရင်းကော်မတီ၊ ဥပဒေကြမ်းကော်မတီ၊ လွှတ်တော်အခွင့်အရေးကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိကဝတ်များနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့ကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၌ ယမန်နေ့ မတ် ၂၄ ရက်နေ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်တွင် အဓိကကော်မတီဥက္ကဋ္ဌများအဖြစ် အရပ်ဝတ်ပြောင်း ဒုဗိုလ်ချုပ်ကြီးဟောင်း တေဇကျော်၊ ဗိုလ်မှူးချုပ်ဟောင်း တင်ဖေ၏သား ဦးနန္ဒကျော်စွာ၊ ဗိုလ်ချုပ်ဟောင်း မောင်မောင်အုန်းနှင့် ဒုဗိုလ်ချုပ် ကြီးဟောင်း သန်းထွန်းဦးတို့ကို ရွေးချယ်ခဲ့သည်။
အမျိုးသားလွှတ်တော်တွင်မူ ဗိုလ်မှူးချုပ်ဟောင်း ချစ်ဆွေ၊ ဒေါ်နွယ်နွယ်ဦး၊ ဝန်ကြီးဟောင်း Jeng Phang နော်တောင်နှင့် ဦးလှသိန်းတို့က ဥက္ကဋ္ဌနေရာများကို ရယူခဲ့ကြသည်။
အစိုးရဘတ်ဂျက်ငွေများကို စိစစ်ရမည့် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌများဖြစ်လာသူ ဒုဗိုလ်ချုပ်ကြီးဟောင်း တေဇကျော်နှင့် ဗိုလ်မှူးချုပ်ဟောင်း ချစ်ဆွေတို့သည် စစ်ခေါင်းဆောင်၏ လူယုံများဖြစ်ကြပြီး ကြံ့ခိုင်ရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ကာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသူများ ဖြစ်သည်။
ဒုဗိုလ်ချုပ်ကြီးဟောင်း တေဇကျော်သည် ယခင်က အမှတ် (၃) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) ဖြစ်ပြီး၊ ဗိုလ်မှူးချုပ်ဟောင်း ချစ်ဆွေမှာ သံအမတ်ကြီးနှင့် ဝန်ကြီးတာဝန်များ ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။
ထို့ပြင် လွှတ်တော်အခွင့်အရေးကော်မတီ ဥက္ကဋ္ဌများအဖြစ် လက်ရှိ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌများဖြစ်ကြသည့် ဗိုလ်ချုပ်ဟောင်း မောင်မောင်အုန်းနှင့် Jeng Phang တို့ကို ခန့်အပ်ထားသည်။
၎င်းတို့နှစ်ဦးစလုံးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လူယုံတော်များဖြစ်သလို နိုင်ငံ တကာ၏ အရေးယူပိတ်ဆို့မှု (Sanctions) ခံနေရသူများလည်း ဖြစ်သည်။
ထို့အတူ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌဖြစ်သည့် ဗိုလ်မှူးချုပ်ဟောင်း တင်ဖေ၏သား ဦးနန္ဒကျော်စွာသည်လည်း ပြည်သူ့လွှတ်တော် သဘာပတိအဖြစ် ရွေးချယ်ခံရသော ကြံ့ခိုင်ရေးပါတီမှ အမတ်တစ်ဦးဖြစ်ကာ ယခင် ၂၀၁၀ ခုနှစ် ပထမအကြိမ် ပြည်သူ့လွှတ်တော်၌ ဒုဥက္ကဋ္ဌဖြစ်ခဲ့ကြောင်း သိရသည်။
အမည်ခံ အစိုးရ၏ ကတိကဝတ်များကို စိစစ်ရမည့် ကော်မတီဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသူ ဒုဗိုလ်ချုပ်ကြီးဟောင်း သန်းထွန်းဦးမှာလည်း ကစထမှူးဟောင်းနှင့် လက်ရှိ နေပြည်တော်ကောင်စီဥက္ကဋ္ဌ တာဝန်ယူထားသူ ဖြစ်သည်။
နိုင်ငံတကာနှင့် ပြည်သူလူထုက အသိအမှတ်မပြုသည့် ဤရွေးတုလွှတ်တော်ကို စစ်အုပ်စုက ၎င်းတို့၏ အာ ဏာတည်မြဲရေးအတွက် စနစ်တကျ အသက်သွင်းကာ နေရာခွဲဝေယူနေခြင်းဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များက ဝေဖန်ထောက်ပြထားသည်။
ဓာတ်ပုံ-MOI