ဧရာဝတီတိုင်းမ်
မတ် ၂၅ ရက်
အီရန်၊ ထိုင်းနှင့် အိုမန်နိုင်ငံတို့အကြား သံတမန်ရေးအရ ညှိနှိုင်းဆောင်ရွက်ပြီးနောက် ထိုင်းကုန်တင် သင်္ဘောနှစ်စင်းသည် တင်းမာမှုများဖြစ်ပွားနေသည့် ဟော်မုဇ်ရေလက်ကြားကို အောင်မြင်စွာ ဖြတ်ကျော် နိုင်ခဲ့ပြီး “မိတ်ဆွေများကိုမမေ့ပါနှင့်” ဟု အီရန်ကပြောကြားခဲ့ကြောင်း သိရသည်။
ဘန်ကောက်ရှိ အီရန်သံရုံးက မတ် ၂၄ ရက်နေ့တွင် ထုတ်ပြန်ရာ၌ ယခုဖြတ်သန်းမှုသည် အီရန်နှင့် ထိုင်းနှစ်နိုင်ငံကြား ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ထင်ဟပ်စေကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အီရန်အစိုးရသည် ရန်လိုခြင်းမရှိသည့် သင်္ဘောများအနေဖြင့် အီရန်အာဏာပိုင်များနှင့် ကြိုတင် ညှိနှိုင်းကာ ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းစွာ ဖြတ်သန်းနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ရေကြောင်း အဖွဲ့အစည်း (IMO) အဖွဲ့ဝင်နိုင်ငံများထံ အကြောင်းကြားထားသည်။

လက်ရှိတွင် ကမ္ဘာ့ရေနံတင်ပို့မှုအတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြား၌ ကုန်တင်သင်္ဘော ၃,၂၀၀ ကျော် ပိတ်မိနေပြီး သင်္ဘော ၂၂ စင်းမှာ အီရန်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။ အချို့သော သင်္ဘောများမှာ လုံခြုံစွာ ဖြတ်သန်းခွင့်ရရန်အတွက် အီရန်သို့ အမေရိကန်ဒေါ်လာ ၂ သန်းအထိ ပေးဆောင်ခဲ့ရသည်များရှိကြောင်း သိရသည်။
“မာယူရီနာရီး” အမည်ရှိ ထိုင်းကုန်တင်သင်္ဘောတစ်စင်းသည် ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့က အီရန်၏ ဒုံးကျည်နှစ်စင်း ထိမှန်ခဲ့သဖြင့် မီးလောင်ပျက်စီးခဲ့သည်။ အဆိုပါသင်္ဘောပေါ်တွင် လိုက်ပါလာသည့် ထိုင်းသင်္ဘောသား ၂၃ ဦးအနက် ၂၀ ဦးကို အိုမန်ရေတပ်က ကယ်ဆယ်နိုင်ခဲ့သော်လည်း ကျန် ၃ ဦးမှာ ယနေ့ထက်တိုင် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
ကိုးကား-Khaosod English နှင့် နိုင်ငံတတကာသတင်းဌာနများ