ဧရာ၀တီတိုင်းမ်
(တောင်ငူ) မတ် ၂၅ ရက်
ပြည်တွင်းရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ်သိန်း ၁၀၀ နီးပါးအထိ စံချိန်တင် မြင့်တက်နေခြင်း ကြောင့် ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးဝင်းများပါမကျန် တရားမဝင် ရွှေတူးဖော်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
တောင်ငူမြို့နယ်၊ ဒိုးသောင်ကျေးရွာအုပ်စုရှိ မြတ်စောညီနောင်ဘုရားအနီးနှင့် တပင်တိုင်ကျောင်း ဘုရားဝင်းအတွင်း၌ တရားမဝင် ရွှေတူးဖော်မှုများ အပြင်းအထန် ပြုလုပ်နေကြခြင်းဖြစ်သည်။ အဆိုပါ လုပ်ရပ်ကို ဒိုးသောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်မြင့် (ခ) ဦးကံချွန်ကိုယ်တိုင် ပါဝင်လုပ်ဆောင် နေသည့်အပြင် တားမြစ်ခြင်းလည်း မရှိကြောင်း သိရသည်။
“အုပ်ချုပ်ရေးမှူးက မတားတဲ့အပြင် သူနဲ့ သူ့မိသားစုတွေပါ တူးနေကြတာ။ အခုဆို တစ်ရွာလုံးနီးပါး ဝိုင်းတူးနေကြသလို တခြားဒေသက လူတွေလည်း လာတူးကြတယ်။ ဘုရားဝင်းထဲပါ မကျန်တော့ဘူး” ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ရွှေတူးဖော်ရာတွင် ဘက်ဟိုးများဖြင့် မြေကျင်းများတူးကာ မြေကြီးများကို ကားများဖြင့် သောက်ရေ ခပ်ချောင်းသို့ သယ်ဆောင်ပြီး စုပ်စက်များဖြင့် ရွှေကျင်နေကြခြင်း ဖြစ်သည်။ စနစ်တကျမရှိဘဲ တူးဖော်နေမှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလာသည့်အပြင် သောက်ရေခပ်ချောင်းမှာလည်း မြေစာများကြောင့် ကောလာပြီး လမ်းကြောင်းပိတ်ဆို့နိုင်သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ဒေသခံများက ဆိုသည်။
” အရင်က မြေကွက်တွေပေါ်မှာဘဲ လိုက်တူးကြတယ် ။ယခုတော့ ဘုရားကျောင်းကန်တွေလဲ မမြင် တော့ဘူး။ မြေလွတ်တဲ့နေရာ အကုန်လိုက်တူးနေကြတယ်။ ကုန်းပေါ်က မြေကြီးတွေကို သောက်ရေ ခပ်ချောင်းထဲ သယ်ပြီး မှုန်စုတ်စက်ဖြင့် ပြန်ကျဥ်နေတာ သောက်ရေခပ်ချောင်းလည်း ကောနေပြီ ကြာရင် ချောင်းပါ ပိတ်သွားနိုင်သည်ဟု ” ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယခင် အရပ်အစိုးရလက်ထက်က သဘာဝပတ်ဝန်းကျင် ထိခိုက်မည်ကို စိုးရိမ်သဖြင့် အဆိုပါနေရာကို ရွှေတူးဖော်ခွင့် တားမြစ်ထားခဲ့သော်လည်း ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြန်လည်ဝင်ရောက် တူးဖော်လာကြခြင်း ဖြစ်သည်။
စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာများသည်လည်း အဆိုပါ တရားမဝင်လုပ်ကွက်များထံမှ လာဘ်ငွေများ ရရှိထားသဖြင့် ဘုရားကျောင်းကန်များအထိ ပျက်စီးနေသည်ကို သိလျက်နှင့် မျက်ကွယ် ပြုထားကြကြောင်း ဒေသခံများက ဆိုသည်။
လက်ရှိတွင် အဆိုပါ ရွှေတူးဖော်ရေးဧရိယာမှာ ဧက ၁,၀၀၀ ဝန်းကျင်အထိ ရှိလာပြီး ဘုရားကျောင်း ကန်များ ပါဝင်နေသည့် ဧက ၁၀၀ ခန့်မှာလည်း တူးဖော်ခြင်း ခံထားရသည်။ ရွှေတူးဖော်သူများသည် တစ်ရက်လျှင် ပျမ်းမျှ ရွှေ ၅ ရွေးမှ ၁ ကျပ်သားခန့်အထိ အသီးသီး ရရှိနေကြကြောင်း စုံစမ်းသိရှိရသည်။
ဓာတ်ပုံ-CJ