ဧရာဝတီတိုင်းမ်
မတ် ၂၆ ရက်

 

စက်သုံးဆီဈေးနှုန်း မြင့်တက်မှုနှင့် ရှားပါးမှုများကြောင့် လာမည့်သင်္ကြန်ရုံးပိတ်ရက် ခရီးစဉ်များအတွက် အဝေးပြေးဘတ်စ်ကား လက်မှတ်များကို ကြိုတင်ရောင်းချနိုင်ခြင်း မရှိသေးဘဲ ခရီးသွားပြည်သူများ အခက်တွေ့နေကြောင်း သိရသည်။

 

မကြာသေးမီက ခါးခွဲစိတ်မှု ခံယူထားသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ်လ ၂၄ ရက်နေ့က နေပြည်တော်၌ ကျင်းပသော စက်သုံးဆီဖူလုံစွာ ရရှိရေးအစည်းအဝေးတွင် အဝေးပြေး ယာဉ်လိုင်းများအတွက် စက်သုံးဆီ မဖြစ်မနေ ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

 

သို့သော် မြေပြင်တွင်မူ ဆီဈေးနှုန်း မြင့်တက်မှုကို အကြောင်းပြကာ လက်မှတ်ခများ တိုးမြှင့်နေသည့် အပြင် သင်္ကြန်ပိတ်ရက်ကြောင့် ပုံမှန်ထက်ဈေးပိုကြီးမြင့်နေပြီး ယာဉ်လိုင်းအချို့မှာ လက်မှတ်ရောင်းချ မှုကို ခေတ္တဆိုင်းငံ့ထားသည်။

“ဆီကိစ္စတွေ မဖြစ်ခင်က မန္တလာမင်းက သင်္ကြန်အတွက် လက်မှတ်တွေ ရောင်းပြီးပြီ။ ရန်ကုန်-ပြင်ဦးလွင်ဆို အရင်က ၃၃,၀၀၀ ကနေ ၃၆,၀၀၀ ဖြစ်သွားတယ်။ တခြားလိုင်းတွေလည်း ၃,၀၀၀ ဝန်းကျင်လောက် တက်တယ်။ အခု ဆီရှားတော့ လက်မှတ်ဖြတ်ပြီးသားသူတွေကတောင် ဆီဖြည့်ရတဲ့ အပေါ် မူတည်ပြီး ထပ်တိုးငွေ ပေးနေရတယ်” ဟု ဆယ်စုနှစ်တစ်ခုကျော် သက်တမ်းရှိ အဝေးပြေး လက်မှတ် ရောင်းချသူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

နာမည်ကြီး ယာဉ်လိုင်းတစ်ခုဖြစ်သည့် JJ Express သည်လည်း သင်္ကြန်ကာလ လက်မှတ်များကို မတ်လ ၂၇ ရက်မှ ၂၉ ရက်အတွင်း ရောင်းချပေးမည်ဟု ကြေညာထားသော်လည်း စက်သုံးဆီ ဝယ်ယူရရှိမှု အခြေအနေများကြောင့် အဆိုပါရက်ကို ခေတ္တရွှေ့ဆိုင်းလိုက်ရကြောင်း ထုတ်ပြန်ထားသည်။

 

လာမည့်သင်္ကြန်ကာလအများပြည်သူများ ရုံးပိတ်ရက်ရောက်ရှိချိန်တွင် မွေးရပ်ဇာတိပြန်ကြမည့် ခရီးသည်များအတွက် အဝေးပြေးဘတ်စ်ကားလက်မှတ်များကို ယခင်ကမတ်လဆန်းပိုင်းတွင် စတင် ရောင်းချသော်လည်း ယခုဧပြီလဆန်းသင်္ကြန်ရုံးပိတ်ရက်နီးချိန်မှ ရောင်းချမည်ဖြစ်ကြောင်းသိရသည်။

 

လက်ရှိအဝေးပြေးယာဉ်လိုင်းများအားလုံးက သင်္ကြန်အတွင်းထွက်ရှိမည့်အချိန်ဇယားကို ကြိုတင် ကြေညာနိုင်မရှိသေးသဖြင့် နယ်ပြန်ရမည့်သူများ အခက်အခဲဖြစ်နေကြောင်း ရန်ကုန်မြို့တွင် ရွှေ့ပြောင်း နေထိုင်၍ အလုပ်လုပ်ကိုင်နေသူ ကုမ္ပဏီဝန်ထမ်းများထံမှ သိရသည်။

 

“ကျောက်ပန်းတောင်းပြန်ဖို့ ကားလက်မှတ် စုံစမ်းတော့ သင်္ကြန်အတွက် မရောင်းသေးဘူးတဲ့။ ကားခတွေကလည်း ဈေးကြီးတော့ နယ်ပြန်တဲ့အခါ လက်ဆောင်ဝယ်ဖို့တောင် အခက်တွေ့နေတယ်” ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

စစ်ခေါင်းဆောင်က စက်သုံးဆီ ရှားပါးမှုကြောင့် ကုန်ဈေးနှုန်းနှင့် သွားလာမှုစရိတ်များ မြင့်မား လာမှုမရှိစေရေး ဆောင်ရွက်ရန် ပြောကြားနေသော်လည်း လက်ရှိတွင် အဝေးပြေးယာဉ်လိုင်း အများစုမှာ သင်္ကြန်ခရီးစဉ် အချိန်ဇယားကိုပင် တိတိကျကျ ကြေညာနိုင်ခြင်းမရှိပေ။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်