ဧရာဝတီတိုင်းမ်
မတ် ၂၄ ရက်
လေယာဉ်ဆီအခက်အခဲကြောင့်ခတ္တရပ်နားထားသော MAI နှင့် Myanmar National Airlines (MNA) တို့၏ ပြည်တွင်းလေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။
MAI လေကြောင်းလိုင်းသည် မတ် ၂၅ ရက်မှစတင်ကာ ရန်ကုန် – တာချီလိတ် – မန္တလေး – တာချီလိတ် – ရန်ကုန်ခရီးစဉ်အပါအဝင် ဟဲဟိုး၊ ကျိုင်တုံ၊ ကလေး၊ မြိတ်၊ စစ်တွေ ခရီးစဉ်များပါဝင်သည်။
လာမည့် မတ် ၂၆ ရက်နေ့တွင် ရန်ကုန် – ကလေး – မန္တလေး – ဟုမ္မလင်း – ရန်ကုန်၊ ထားဝယ်၊ ကော့သောင်း ၊ ကျောက်ဖြူခရီးစဉ်များပြေးဆွဲမည်ဖြစ်ကြောင်း MAI ထံမှသိရသည်။
လက်ရှိဖြစ်ပေါ်နေသောလေယာဉ်ဆီအခက်အခဲများကြောင့် MNA လေကြောင်းလိုင်းသည်လည်း ပြည်တွင်းခရီးစဉ်အချို့ဖျက်သိမ်းမှုများရှိနေသာ်လည်း ကျန်ခရီးစဉ်များကို ပုံမှန် အတိုင်းဆက်လက်ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

ထို့ပြင် MAI လေကြောင်းလိုင်း၏ ခရီးဆောင်အိတ်အလေးချိန်သတ်မှတ်ချက်တွင် Business လက်မှတ်အတွက် ၃၀ kg တစ်အိတ်၊ Economy လက်မှတ်အတွက် ၂၀ kg တစ်
အိတ်၊ Hand carry ၇ kg နှင့် အပိုခရီးဆောင်အိတ် ၅ kg သာသတ်မှတ်ထားပြီး အပိုခရီးဆောင်အိတ်လက်ခံမှုသည် လေဆိပ်တာဝန်ကျဝန်ထမ်းများ၏ဆုံးဖြတ်ချက် ဖြစ်ကြောင်း MAI ထုတ်ပြန်ထားသည်။
ယင်းပြင် MAI လေယာဉ်ပျံသန်းမှုလိုအပ်ချက်အရ ခရီးဆောင်အိမ်များကို လေဆိပ်တွင်ပယ်ချခြင်း၊ မတင်ဆောင်ခြင်းတို့ဖြစ်ပေါ်နိုင်ပြီး လေယာဉ်ပေါ်မတင်ဆောင်ခဲ့သောအိတ်များကို ၇၂ နာရီအတွင်း ပိုင်ရှင်ခရီးသည်များထံပို့ဆောင်ပေးမည်ဖြစ်ပြီး အပိုခရီးဆောင်အိတ်တန်ဖိုးပြန်ပေးမည်ကြောင်းထုတ်ပြန်ထားသည်။
ယခုရက်ပိုင်းအတွင်း MAI လေကြောင်းလိုင်းဖြင့် ဘန်ကောက်မှ မြန်မာပြည်ပြန်လာသူအများစု၏ ခရီးဆောင်အိတ်များကိုဘန်ကောက်တွင်ထားပစ်ခဲ့ပြီး ခရီးသည်များကို တာဝန်ခံယူ၍ တောင်းပန်စကားပြောကြားခြင်း မရှိကြောင်း ခရီးသွားများထံမှသိရသည်။
MNA လေကြောင်းလိုင်း၏ ခရီးဆောင်အိတ်သယ်ယူခွင့်သတ်မှတ်ချက်၌ ပြည်တွင်းခရီးစဉ် Business လက်မှတ်အတွက် ၃၀ kg နှစ်အိတ်) ၊ Hand Carry အတွက် ၁၄ kg နှစ်အိတ်၊ Economy လက်မှတ်အတွက် ၂၀ kg နှစ်အိတ်၊ Hand Carry အတွက် ၇ kg တစ်အိတ် အသုံးပြုခွင့်ကို ဧပြီ ၁ ရက်နေ့စတင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ပြည်ပခရီးစဉ် Business လက်မှတ်အတွက် ၄၀ kg နှစ်အိတ်၊ Hand Carry အတွက် ၁၄ kg နှစ်အိတ်၊ Economy လက်မှတ်အတွက် ၃၀ kg နှစ်အိတ် သယ်ယူခွင့်ရှိပြီး Hand Carry အတွက် ၇ kg တစ်အိတ်သာသယ်ယူခွင့်ရမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ – MAI, MNA , ဧရာဝတီတိုင်းမ်