ဧရာဝတီတိုင်းမ်
(တီးတိန်)၊ မတ်လ ၂၄ ရက်
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ ဂဲလ်ဇန်းကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDA) စခန်းတစ်ခုကို ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) က ဝင်ရောက်တိုက်ခိုက်၍ လက်နက် ခဲယမ်းများသိမ်းဆည်းခဲ့ကြောင်း ZAR-EC က ယမန်နေ့ မတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။
ZRA သည် တီးတိန်မြို့နယ်အခြေစိုက် ချင်းလဲန်ကောင်စီ (CC) အဖွဲ့ဝင်ဖြစ်သည့် PDA စခန်းတစ်ခုကို ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက အင်အားအလုံးရင်းဖြင့် အလစ်ငိုက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“တနင်္ဂနွေနေ့ မနက်က စခန်းကို ဝင်စီးတာပါ။ အဲမှာ တိုက်ပွဲတွေဖြစ်သေးတယ်။ ZRA ဘက်က အင်အားအလုံးနဲ့ အလစ်ငိုက်နဲ့ တိုက်ခိုက်ခဲ့တာဆိုတော့ PDA က အင်အားမမျှဘဲ စခန်းက ဆုတ်ပေးလိုက်ရတယ်။ စခန်းမှာလည်း PDA ဘက်က သိပ်ရှိပုံမရဘူး”ဟု ဂဲလ်ဇန်းကျေးရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း PDA ဘက်မှ အင်အားမမျှဘဲ စခန်းဆုတ်ခွာပေးခဲ့ရပြီး PDA စခန်းရှိ လက်နက်မျိုးစုံ၊ ခဲယမ်း မီးကျောက်များ၊ ဆက်သွယ်ရေး စကားပြောစက်များအပြင် ကင်းထောက်နှင့် တိုက်ခိုက်ရေးသုံး ဒရုန်းများကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း ZRA က ထုတ်ပြန်ထားသည်။
ZRA က ထိုသို့ တိုက်ခိုက်ခဲ့ပြီးနောက် ၎င်းစခန်းအနီးရှိ ဂဲလ်ဇန်းကျေးရွာမှ အရပ်သား အမျိုးသမီး နှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ယမန်နေ့ မတ်လ ၂၃ ရက်နေ့ထိ ပြန်လည်လွတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။
“ဖမ်းသွားတဲ့ အမျိုးသမီးတွေ၊ အမျိုးသားတွေ ပြန်မလွတ်ပေးသေးဘူး။ ဘာကြောင်းဖမ်းတာလဲ မသိဘူး။ သူတို့က လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဘာမှမဆိုင်ဘဲ သာမာန်အရပ်သားတွေပါ။ အခုမိသားစုဝင်တွေက စိတ်ပူနေကြတယ်”ဟု ဂဲလ်ဇန်ကျေးရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စခန်းတိုက်ခိုက်ခံရသည့်ဖြစ်စဥ်နှင့် ပတ်သက်၍ PDA ဘက်က ထုတ်ပြန်ထားခြင်းမရှိသေးသလို အသေးစိတ်သိရှိနိုင်ရန် ဧရာဝတီတိုင်းမ်က ဆက်သွယ်ထားသော်လည်း အဆက်သွယ် ရရှိခြင်း မရှိသေးပေ။
ZRA အနေဖြင့် ယခုကဲ့သို့ PDA ထံမှ သိမ်းဆည်းသွားသည့် လက်နက်ပစ္စည်းမျကို ခြွင်းချက်မရှိ ပြန်လည်ပေးအပ်ရန်နှင့် ယင်းလုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန် မတ်လ ၂၂ ရက်နေ့တွင် CDF (တွန်းဇံ) က ထုတ်ပြန်ထားသည်။
တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တွင် ချင်းအမျိုးသားတပ်မတော် (CNA)၊ ချင်းလဲန်းကောင်စီ (CC) အဖွဲ့ဝင်နှင့် ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) တို့သည် မကြာခဏ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်။
ZRA သည် စစ်ကော်မရှင်နှင့် ပူးပေါင်းသွားပြီဖြစ်ပြီး ၎င်းတို့သည် စစ်ကော်မရှင်လက်အောက်ခံ ဖြစ်ကြောင်း တီးတိန်မြို့နယ်အခြေစိုက် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့် ပြည်သူ့ကာကွယ်ရေး တပ်(ဇိုလဲန်း) က ပြီးခဲ့သည့် မတ် ၁၅ ရက်နေ့တွင် ထုတ်ပြန်သည်။
ပုံစာ-ZRA က သိမ်းဆည်းသော လက်နက်ခဲယမ်းပစ္စည်းများ၊