နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၂၄ ရက်
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ရှိ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ပိုင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ ညစ်ညမ်းပြီး ဒေသခံများ အရေပြားရောဂါ ဖြစ်ပွားနေသည်ဆိုသည့် အချက်ကို UWSA ဘက်က မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်သည်။
မိုင်းဆတ်မြို့တောင်ဘက် ၁၀ ကီလို မီတာအကွာရှိ ၀မ်ဟုန်ကျေးရွာအုပ်စု နမ့်ခုတ်မြစ် တစ်ဘက်ကမ်း တွင် တည်ရှိသော ယင်းစက်ရုံနှင့် ပတ်သက်၍ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ၏ ထုတ်ပြန်ချက် အပေါ် UWSA ကတုံ့ပြန်လာခြင်းလည်းဖြစ်သည်။
“တရားဝင် ခွင့်ပြုချက်ရရှိပြီး လုပ်ဆောင်တာဖြစ်တယ်။ သက်ဆိုင်တဲ့ အစိုးရအဖွဲ့မှလည်း တစ်လ တစ်ခါ လာရောက် စစ်ဆေးမှု ပြုလုပ်ပါတယ်။ အနားမှာရှိတဲ့ ပြည်သူများ ထိခိုက်မှုမရှိပါ။ ဘာရေမှမထည့်သလို ဘာညစ်ညမ်းရေမှ စွန့်ထုတ်တာမျိုးလည်း မရှိပါ” ဟု UWSA ပြောခွင့်ရ ဦးညီရမ်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုစက်ရုံအသစ်သည် ၀မ်ဟုန်ရှိ UWSA လက်အောက်ခံ တပ်စခန်းများ၊ သင်တန်းကျောင်းများနှင့် လက်နက်နှင့် ရာဘာစက်ရုံများကို လျှပ်စစ် ဓာတ်အားပေးလျက်ရှိပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာတွင် စတင်လည်ပတ်ခဲ့သဖြင့် နမ့်ခုတ်မြစ်ရေ၏ သတ္တုအဆိပ်သင့်မှုမှာ ပိုမိုဆိုးရွားလာစေနေကြောင်း SHRF ထံက သိရသည်။
အဆိုပါ စက်ရုံသည် ထိုင်းနယ်စပ်မှ ၁၉ ကီလိုမီတာ ကွာ၀ေးကာ ချင်းရိုင်ခရိုင်၊ မယ့်ဖလုံဒေသနှင့် နယ်မြေဆက်စပ်လျက်ရှိပြီး ယင်းစီမံကိန်းဖော်ဆောင်သည့် ကုမ္ပဏီမှာ ၀မ်ဟုန်နေထရယ်လ်အင်နာဂျီ ကုမ္ပဏီ ဖြစ်ကာ လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၃၀ ထုတ်လုပ်နိုင်ရန် လျာထားကြောင်း သိရသည်။
ထိုမှတစ်ဆင့် ဝမ်ဟုန်ကိုဖြတ်၍ တာချီလိတ်မြို့သို့ လျှပ်စစ်ဓာတ်အား ပေးပို့ဖြန့်ဖြူးသွားမည်ဖြစ်ပြီး ယင်းအတွက် တရုတ်နည်းပညာရှင်များ ကြီးကြပ်၍ ဗမာလူမျိုး အများစုပါဝင်သော အလုပ်သမား ၁၅၀ ခန့်မှ ဓာတ်အားပေးစက်ရုံကို တည်ဆောက်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ယင်းစက်ရုံအတွက် ကျောက်မီးသွေးကို လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ အနောက်တောင်ဘက် ၃၅ ကီလိုမီတာအကွာ မိုင်းတုံမြို့နယ်အရှေ့ဘက် တောင်ကုန်းများပေါ်မှ မဲကင်ကျေးရွာအုပ်စု၊ နားပါကော် ကျေးရွာအနီးရှိ ဟင်းလင်းပွင့် (open-pit) ကျောက်မီးသွေးတွင်းအသစ်မှ ရယူနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုင်းတွင်းအောက်ဘက်ရှိ မဲကင်ချောင်းတလျှောက်တွင် နေထိုင်ကြသော ရွာသားများမှာလည်း ထိုရေကို အသုံးပြုခြင်းကြောင့် အရေပြားရောဂါ ယားနာများ ဖြစ်ပွားလာပြီး ငါးများစတင် သေဆုံးလျက်ရှိကာ မဲကင်ချောင်းသည် သံလွင်မြစ်၏ အဓိကမြစ်လက်တက်ဖြစ်သော နမ့်ဟန်မြစ်ထဲသို့ စီး၀င်သည်။
“လက်ရှိမှာတော့ စက်ရုံသစ်ကြောင့် ရွာသားတွေက အနံ့ဆိုးတွေ စရနေပြီ။ ပြီးတော့ ကျောက်မီးသွေး တွင်းကနေလာတဲ့ ရေတွေကြောင့် မဲကင်ချောင်းအောက်မှာနေတဲ့ ပြည်သူတွေက အရေပြားရောဂါ ဖြစ်တာတွေနဲ့ ငါးတွေသေတာကို စတွေ့နေရပါပြီ” ဟု SHRF ၏ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
UWSA ၏ ဓာတ်အားပေးစက်ရုံနှင့် ပတ်သက်၍ လက်ရှိစိုးရိမ်ရနေသည်မှာ ကျောက်မီးသွေး လောင်ကျွမ်းရာမှ ထွက်ရှိလာသည့် ဆာလဖာဒိုင်အောက်ဆိုဒ်၊ နိုက်ထရိုဂျင်အောက်ဆိုဒ်နှင့် အမှုန်အမွှား များ (သတ္တုများ အပါအဝင်) ပါဝင်သော အဆိပ်သင့်ဓာတ်ငွေ့များ ထုတ်လွှတ်နေမှုပင်ဖြစ်ကြောင်း သိရသည်။
ယင်းဓာတ်ငွေ့များသည် ဒေသခံများ၏ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို တိုက်ရိုက် ထိခိုက် စေမည့်အပြင် အက်ဆစ်မိုးကိုလည်း ရွာသွန်းစေနိုင်သဖြင့် ကီလိုမီတာ ၈၀ ပတ်လည်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ခြိမ်းခြောက်လျက်ရှိပြီး အချိန်ကြာလာသည်နှင့်အမျှ ပိုမိုဆိုးရွားလာ နိုင်ကြောင်း သိရသည်။
ပြီးခဲ့သော မတ် ၁၀ ရက်တွင် နောက်ဆုံးရရှိထားသော ဂြိုဟ်တုဓာတ်ပုံအရ ဓာတ်အားပေး စက်ရုံ၏ မြောက်ဘက် နမ့်ခုတ်မြစ်ဘက်ခြမ်းရှိ နေရာတစ်ခုတွင် ကျောက်မီးသွေးဟု ယူဆရသည့်အရာများ သိုလှောင်ထားပြီးစက်ရုံဘေးတွင်လည်း ဆိုလာပြား အများအပြားကို တွေ့ရှိရကြောင်း SHRF က ဆိုသည်။
UWSA သည် တာချီလိတ်မြို့မြောက်ဘက်တွင် ၂၀၀၁ ခုနှစ်၌ ၁၂ မဂ္ဂါဝပ်ထွက် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် မြန်မာစစ်အစိုးရနှင့် သဘောတူညီချက် ရယူကြိုးပမ်း ခဲ့သော်လည်း ထိုင်းဘက်ခြမ်းမှ ကန့်ကွက်၍ ဖျက်သိမ်းကာ လက်ရှိစက်ရုံသစ်ကို လုပ်ဆောင်လာ ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- SHRF