ဧရာဝတီတိုင်းမ်
‎မတ် ၂၄ ရက်

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်အတွင်းရှိ သမီးလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ဧရိယာကို ဧက ၁၀,၀၀၀ ကျော် တိုးချဲ့ကာ “သမီးလှကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်” အဖြစ် ပြောင်းလဲသတ်မှတ် လိုက်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

သမီးလှကျွန်းသည် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နယ်ခွဲရှိ သမိုင်းဝင် မော်တင်စွန်း ဘုရားမှ ရေမိုင် ၆ မိုင်အကွာ၊ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ် (Andaman Sea) တို့၏ ရေကြောင်းဆုံရာ ပုသိမ်မြစ်ဝတွင် တည်ရှိသည်။

 

ယခင်က သမီးလှကျွန်း ဘေးမဲ့တောဧရိယာမှာ ၂၁၇ ဒသမ ၆ ဧကသာ ရှိခဲ့သော်လည်း ယခုအခါ အဏ္ဏဝါဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ၊ ပင်လယ်လိပ်သားဖောက်ရာ နေရာများကို ပိုမိုထိန်းသိမ်းနိုင် ရန်အတွက် ရေပြင်ဧရိယာ ၁၁,၈၉၇ ဧက ထပ်မံတိုးချဲ့ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သမီးလှကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်၏ စုစုပေါင်း ဧရိယာမှာ ၁၂,၁၁၄.၆၀ ဧကအထိ ရှိလာမည် ဖြစ်သည်။

သမီးလှကျွန်းသည် ပင်လယ်ပြင်အတွင်း စိမ်းလန်းသောကျွန်းအဖြစ်တည်ရှိကာ ကမ္ဘာ့ရှားပါးစာရင်းဝင်လိပ်လှောင်း လိပ်မျိူးစိတ်အပါအဝင် ပင်လယ်လိပ်များဥချသည့်နေရာ တစ်ခုဖြစ်သည်။ ကျွန်းပတ်ဝန်း ကျင်တွင် လိပ်ပြင်သာ နှင့် လိပ်ကြက်တူရွေး မျိုးစိတ်နှစ်မျိုး အဓိက ကျက်စားလေ့ရှိပြီး သန္တာ ကျောက်တန်းများလည်း တည်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။

 

အဆိုပါကျွန်းတွင် ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးစခန်း ဖွင့်လှစ်ထားပြီး ရှားပါးပင်လယ်လိပ်များနှင့် လိပ်ဥများကို ဖမ်းဆီးစားသောက်မှု မပြုကြရန်နှင့် ငါးဖမ်းပိုက်များတွင် ပါလာပါကလည်း ပြန်လည်လွှတ်ပေးရန် ထုတ်ပြန်ထားသည်။

သမီးလှကျွန်းသည် သမိုင်းဝင်မြတ်မော်တင်စွန်းဘုရားနှင့် နီးကပ်စွာတည်ရှိသောကြောင့် ဘုရားဖူး လာသူများ လေ့လာနိုင်သည့် နေရာတစ်ခုလည်း ဖြစ်သည်။

ဓာတ်ပုံ – MOI