ဧရာဝတီတိုင်းမ်
(မဲဆောက်)၊ မတ် ၂၄ ရက်
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ နယ်စပ်မှောင်ခိုဂိတ်တစ်ခုမှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ဒီဇယ်ဆီ လီတာ ၂၀,၀၀၀ ခိုးထုတ်ရန် ကြိုးပမ်းသည့် ၁၀ ဘီး ဆီတင်ကားတစ်စီးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တာဝန်ရှိသူများသည် ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့က သတင်းအရ စောင့်ဆိုင်းဖမ်းဆီးခဲ့ရာ ထာ့ဆိုင်လွတ်ရပ်ကွက်အနီးရှိ နယ်စပ်တွင် ဆီခိုးထုတ်ရန် အထူးပြုပြင်ထားသည့် အဆိုပါ ၁၀ ဘီးကားကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ကားပေါ်တွင် တရားမဝင်တင်ဆောင်လာသည့် ဒီဇယ်ဆီ လီတာ ၂၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် အနီးဝန်းကျင်ရှိ ဂိုဒေါင်တစ်ခုကို ဆက်လက်ရှာဖွေရာတွင် စက်သုံးဆီသိုလှောင်ရာ၌ အသုံး ပြုသည့် ပစ္စည်းကိရိယာများနှင့်အတူ ၄,၅၀၀ လီတာဆံ့ ဆီတိုင်ကီ နှစ် လုံး၊ ၂၀၀ လီတာဆံ့ ဆီပုံး ၁၀၁ ပုံးနှင့် ၃၀ လီတာဆံ့ ဆီပုံး ၈၅ ပုံးတို့ကိုပါ ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးရမိသည့် ယာဉ်မောင်း၊ ဆီတင်ကားနှင့် သက်သေခံပစ္စည်းများကို မဲဆောက်ရဲ စခန်းသို့ လွှဲပြောင်းထားပြီး ဆီမှောင်ခိုလုပ်ငန်းနောက်ကွယ်မှ ရင်းနှီးမြှုပ်နှံသူများကို ဆက်လက်စုံစမ်း ဖော်ထုတ်လျက်ရှိသည်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်း၌လည်း စက်သုံးဆီပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသဖြင့် တရားမဝင် နယ်စပ်ဖြတ်ကျော် ဆီမှောင်ခိုရောင်းချမှုနှင့် သိုလှောင်မှုများကို ထိရောက်စွာတားဆီးရန် လုံခြုံရေး တိုးမြှင့်ရန် တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားကြောင်း သိရသည်။
ကိုးကား – Bangkok Post