ဧရာဝတီတိုင်းမ်
မတ် ၂၄ ရက်
ကမ္ဘာတစ်ဝန်းရှိ လက်နက်ကုန်သွယ်မှုတွင် ပါဝင်နေသည့် မြန်မာ Synpex Shwe (SS) ကုမ္ပဏီက အာဏာ သိမ်း စစ်ကော်မရှင်တပ်(စစ်တပ်)၏ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ)များကို စစ်လက်နက် ပစ္စည်းများ တင်သွင်းပေးနေကြောင်း Justice For Myanmar (JFM)၏ ဖော်ထုတ် ချက်အရ သိရသည်။
အဆိုပါ မြန်မာစစ်လက်နက်ပွဲစားကုမ္ပဏီ Synpex Shwe (SS) ကို အေးငြိမ်းဆွေ၊ လူလူချမ်းမြေ့ (ကောင်းထက်လူအေး ဟုလည်း သိကြသူ)၊ မြတ်နှင်းဖြူ၊ ဆန်းမြင့်အောင်၊ စည်သာထိန်ဝင်း၊ ဝင်းလဲ့ဖြူနှင့် ရန်လင်းနိုင်တို့က ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီအထိ ပိုင်ဆိုင်ထားပြီး ရုရုားကုမ္ပဏီထံမှ အဓိကဝယ်ယူပေးခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်၏ ကပစ စက်ရုံများအတွက် ပစ္စည်းတင်သွင်းပေးနေသော Synpex Shwe (SS) ကုမ္ပဏီသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားကုမ္ပဏီဖြစ်သော Sins Avia Trading House LLC (CNS Aviation) ထံမှ ရဟတ်ယာဉ် အစိတ်အပိုင်းများ ဝယ်ယူပေးနေခြင်းဖြစ်ပြီး လက်ရှိတွင် အရေးယူပိတ်ဆို့ခံထားရကြောင်း သိရသည်။
JFM က ကြည့်ရှုခဲ့ရသည့် ကုန်တင်ပို့မှု မှတ်တမ်းများအရ ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း Synpex Shwe သည် ဒရုန်းကဲ့သို့သောလေယာဉ်ငယ်များ၌ အသုံးပြုဖွယ်ရှိသည့် ကိုယ်တိုင်ထိန်းချုပ် လုပ် ကိုင်နိုင်စွမ်းရှိသော ပန်ကာထိန်းချုပ်မှု စနစ်များအား တူရကီနိုင်ငံမှတစ်ဆင့် တင်သွင်းခဲ့သည်ကို အတည်ပြုနိုင်ခဲ့သည်။
ထို့နောက် စစ်ကော်မရှင်သည် စောင့်ကြည့်ထောက်လှမ်းရေး၊ ပစ်မှတ်ရှာဖွေရေးနှင့် ပြည်သူများအပေါ် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများလုပ်ဆောင်ရာတွင် ဒရုန်းများကို ပိုမိုအသုံးပြုလာပြီး Synpex Shwe မှတစ်ဆင့် ရဟတ် ယာဉ်/လေယာဥ် အပိုပစ္စည်းများ၊ ရေဒီယိုအစိတ်အပိုင်း များစွာကိုလည်း ရုရှားကုမ္ပဏီထံမှ ဝယ်ယူတင်သွင်းခဲ့ကြောင်း သိရသည်။
မြန်မာစစ်လက်နက်ပွဲစားကုမ္ပဏီ Synpex Shwe မှတစ်ဆင့် စစ်ကော်မရှင် ဝယ်ယူတင်သွင်းသော ရုရှားကုမ္ပဏီမှာ Allwe Foreign Trade Company JSC ဖြစ်ပြီး Mi-17 ရဟတ်ယာဉ် အစိတ်အပိုင်းလည်း ပါဝင်၍ ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်အတွင်း အနည်းဆုံး ဝယ်ယူတင်ပို့မှု ၂၇ ခုရှိကြောင်း JFM ထံမှ သိရသည်။
ယင်းအပြင် Conflict Armament Research (CAR) အစီရင်ခံစာအရ အီရတ်-ဆီးရီးယားနယ်စပ်အနီး တိုက်ခိုက်မှုတစ်ခုအပြီး တွေ့ရှိသိမ်းဆည်းရမိသော အီရန်ထုတ် Sayyad-107 ဒရုန်းတစ်စင်း၏ မော်တာတစ်ခုနှင့်လည်း ထောက်ပံ့ရေး ကွင်းဆက်အဖြစ် မြန်မာစစ်လက်နက်ပွဲစားကုမ္ပဏီ Synpex Shwe ပါဝင်ပတ် သက်နေကြောင်း သိရသည်။
အဆိုပါမော်တာသည် ၂၀၂၀ ခုနှစ်၊ ဇူလိုင်အတွင်း ဂျပန်နိုင်ငံမှ ဟောင်ကောင်အခြေစိုက် ဖြန့်ချိရေး ကုမ္ပဏီတစ်ခုသို့ ပို့ဆောင်ခဲ့သော ကုန်စည်တင်ပို့မှုကြီးတစ်ခု၏ အစိတ်အပိုင်းဖြစ်ပြီး ဝယ်ယူသူမှာ Synpex Shwe ၏ စင်ကာပူခွဲကုမ္ပဏီ Synpex Shwe Pte. Ltd. (Synergy Tripexin Pte. Ltd ဟုလည်းခေါ်)ဖြစ်ကြောင်း သိရသည်။
အဆိုပါပို့ဆောင်မှုသည် ၂၀၂၀ ၊ ဇူလိုင်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်အထိ မော်တာအလုံးရေ ၃၀၀ ကျော် ပါဝင်သော ပို့ဆောင်မှု ၅ ကြိမ်အနက်မှ တစ်ကြိမ်ဖြစ်ပြီး ၂၀၂၃ – ၂၀၂၄ ခုနှစ်တွင် Synpex Shwe ကုမ္ပဏီကို ယူကေ၊ ကနေဒါ၊ အမေရိကန်နိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ကုန်သွယ်ရေး ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။
သို့သော်လည်း Synpex Shwe ကုမ္ပဏီ၏ ဒါရိုက်တာများ၊ ရှယ်ယာရှင်များနှင့် ယင်းကုမ္ပဏီကွန်ရက်တွင် ပါဝင်နေသည့် ဆက်နွှယ်ကုမ္ပဏီများကိုမူ ယနေ့အထိ ဒဏ်ခတ်ပိတ်ဆို့ထားခြင်း မရှိသေးသလို ပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲရန် အမည်များပြောင်းခဲ့ကြောင်း သိရသည်။
မြန်မာကုမ္ပဏီအမည်ကို ပထမတစ်ကြိမ်တွင် SS Techniques Co. Ltd အဖြစ်လည်းကောင်း၊ ထို့နောက် လက်ရှိအမည်ဖြစ်သော SS Tech Learn Co. Ltd အဖြစ်လည်းကောင်း နှစ်ကြိမ်တိုင် ပြောင်းလဲခဲ့သလို စင်ကာပူနိုင်ငံရှိ ၎င်း၏ကုမ္ပဏီ Synergy Tripexin Pte. Ltd., ကိုလည်း ၂၀၂၄ ခုနှစ်၌ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်၏ မြန်မာစစ်လက်နက်ပွဲစားကုမ္ပဏီ Synpex Shwe အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းကို ကြိုဆိုသော်လည်း ထိုအရေးယူမှုများအား ပတ်သက်လျက်ရှိသည့် ထိုင်းကုမ္ပဏီ SS Affluence အပါ အဝင် Synpex Shwe ၏ ကွန်ရက်တစ်ခုလုံးနှင့် ပါဝင်ပတ်သက်နေသည့် ပိုင်ရှင်နှင့်ဒါရိုက်တာများကိုပါ အ ရေးယူမှုများလုပ်ဆောင်သွားရန် JFM က တောင်းဆိုထားသည်။
ထို့အတူ ထိုင်းအစိုးရအနေဖြင့်လည်း မြန်မာလက်နက်ပွဲစားများကို ၎င်းတို့၏ နယ်မြေအတွင်း စီးပွားရေးလုပ် ငန်းများ လုပ်ကိုင်နေခြင်းအား ပိတ်ပင်တားဆီးသွားရန် တိုက်တွန်းထားသလို အကြမ်းဖက်မှုများ ကျူးလွန်နေသော စစ်ကော်မရှင်အတွက် ဝယ်ယူထောက်ပံ့နေသည့် Synpex Shwe ကို ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့်ဟု ဆိုသည်။
ယင်းအပြင် နိုင်ငံတကာ အစိုးရများအနေဖြင့် မြန်မာစစ်လက်နက်ပွဲစားကုမ္ပဏီ Synpex Shwe ကွန်ရက်အပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများအပါအဝင် စစ်ကော်မရှင်၏ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာများနှင့် လေယာဉ်ဆီများ ရရှိနေမှုတို့ကို တားဆီးပိတ်ပင်မှုများ လုပ်ဆောင်ရန် အရေးကြီးကြောင်း JFM က ဆိုထားသည်။
ဓာတ်ပုံ – JFM