ဧရာဝတီတိုင်းမ်
မတ် ၂၄ ရက်

 

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အတော်များများတွင် လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင်နှင့် တွင် တွင်ကျယ်ကျယ် လုပ်ဆောင်လာခြင်းကြောင့် နောက်ဆက်တွဲအဖြစ် နေအိမ်ဖောက်ထွင်းမှုနှင့် ခိုးဆိုး လုနှိုက်မှုများ သိသိသာသာ မြင့်တက်လာနေကြောင်း ဒေသခံများထံမှ သိရသည်။

 

အဆိုပါ လောင်းကစားဝိုင်းများကို ဒေသခံမြို့နယ် စစ်ကော်မရှင်လက်အောက်ခံ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်အချို့က လာဘ်ပေးလာဘ်ယူမှုများ (လိုင်းကြေး) ဖြင့် ပေါ်ပေါ်တင်တင် ခွင့်ပြုထားခြင်းဖြစ်သည် ဟု ဒေသခံများက ဆိုသည်။

 

“လောင်းကစားဝိုင်းတွေက အရမ်းများလာတော့ ရှုံးတဲ့သူတွေက နည်းမျိုးစုံနဲ့ ပိုက်ဆံရှာကြတာပေါ့။ အခုဆို ညဘက် အိမ်တံခါးတွေတောင် သေချာပိတ်ထားရတယ်။ နေအိမ်ဖောက်ထွင်းခံရတာတွေက တစ်နေ့တခြား ပိုများလာတယ်” ဟု ဟင်္သာတမြို့နယ်၊ ရှားခဲတိုက်နယ်ရှိ ဒေသခံတစ်ဦးက ဧရာဝတီ တိုင်းမ်ကိုပြောသည်။

ဟင်္သာတမြို့နယ်၊ ရှားခဲတိုက်နယ်၊ တောင်ဂလုံကျေးရွာအုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟန်ရွှေ ကိုယ်တိုင် ဦးဆောင်၍ စစ်ကော်မရှင်သို့ လိုင်းကြေးပေးကာ လောင်းကစားဝိုင်းများ အကြီးအကျယ် ပြုလုပ်နေကြောင်း သိရသည်။

 

ထို့ပြင် မြန်အောင်မြို့နယ်ရှိ အင်ပင်နှင့် ဥရှစ်ကုန်းရွာများတွင်လည်း လောင်းကစားဝိုင်းများ ပေါ်ပေါ် တင်တင် ပြုလုပ်နေသဖြင့် ခိုးမှုများ စိပ်လာ၍ စိုးရိမ်ထိတ်လန့်စွာနေထိုင်နေရကြောင်း ဒေသခံများက ဆိုသည်။

 

“မြန်အောင်၊ အင်ပင်နယ်၊ ဥရှစ်ကုန်းရွာထဲမှာလဲ လောင်းကစားဝိုင်းတွေက တော်တော်လေးကို ပေါ်ပေါ်တင်တင် တွင်တွင်ကျယ်ကျယ် ဖြစ်နေတာဗျ။ စစ်ကော်မရှင်ဘက်က ခွင့်ပြုပေးလို့ အခုလို လုပ်နေတာလည်း အားလုံးက သိနေကြတာပဲ။ ရွာထဲမှာ ခိုးဆိုးလုနှိုက်တွေပါ စိပ်လာတယ်”ဟု မြန်အောင် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

 

လက်ရှိတွင် ဧရာဝတီတိုင်းအတွင်း နှစ်လုံး၊ သုံးလုံးထီများသာမက ဂျင်ဝိုင်း၊ ကြက်ဝိုင်းနှင့် ဖဲဝိုင်းများ ကိုပါ ရပ်ကွက်နှင့် ကျေးရွာများအထိ ဖြန့်ကျက်ပြုလုပ်လာကြသည်။ ထို့ပြင် စစ်တပ်က အာဏာသိမ်း ပြီးနောက်ပိုင်း ကျင်းပသည့် ဘုရားပွဲ၊ ဇာတ်ပွဲများတွင်လည်း သိန်းရာချီ လိုင်းကြေးယူကာ လောင်းကစားဝိုင်းများကို အထူးအခွင့်အရေးပေး လုပ်ကိုင်ခွင့်ပြုထားကြောင်း စုံစမ်းသိရှိရသည်။

 

ယင်းကဲ့သို့ လောင်းကစားဝိုင်းများ များပြားလာခြင်းသည် ဒေသတွင်း လုံခြုံရေးကိုပါ ခြိမ်းခြောက်လာ နေပြီး စစ်ကော်မရှင်က ဒုစရိုက်မှုများအတွက် ထိရောက်စွာ တားဆီးအရေးယူခြင်း မရှိ၍ ဒေသခံများမှာ စိုးရိမ်လျက် ရှိသည်။

 

ပုံစာ-ဟင်္သာတမြို့၊ ရှားခဲတိုက်နယ်၊ တောင်ဂလုံကျေးရွာကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟန်ရွှေ ဦးဆောင် ပြုလုပ်နေသည့် လောင်းကစားဝိုင်း။