ဧရာဝတီတိုင်းမ်
မတ် ၂၄ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ အားလပ်ရက်အတွင်းမှာ အီရန်နိုင်ငံ နဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

နှစ်ဖက်ကြားမှာ သဘောတူညီချက်ရနိုင်မယ့် အဓိကအချက်တွေ ရှိနေပြီဖြစ်သလို အီရန်ကလည်း သဘောတူညီမှုရဖို့ အသည်းအသန် လိုလားနေတယ်လို့ သူက ဆိုပေမဲ့ အီရန်အစိုးရကတော့ ဘယ်လိုဆွေး နွေးမှုမျိုးမှာမှ ပါဝင်ခဲ့တာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ဖလော်ရီဒါပြည်နယ်၊ West Palm Beach မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်နယ်ထရမ့် က အဆိုပါသဘောတူညီချက်မှာ အချက် ၁၅ ချက် ပါဝင်ပြီး အီရန်က နျူကလီးယားလက်နက် လုံးဝမပိုင် ဆိုင်ဖို့ သဘောတူထားတယ်လို့ ပြောဆိုခဲ့တာပါ။

အီရန်က ဖုန်းဆက်သွယ်လာပြီးနောက် တနင်္ဂနွေနေ့မှာ ဆွေးနွေးမှုတွေ လုပ်ခဲ့တာဖြစ်ပြီး အဲဒီ ဆွေးနွေးပွဲမှာ သူ့ရဲ့ သားမက်ဖြစ်သူ ဂျရတ်ကူးရှ်နာနဲ့ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်တို့ ပါဝင်ခဲ့ ကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံရဲ့ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်နဲ့ ဆွေးနွေးနေတာဖြစ်ပြီး အဲဒီလူ ဟာ အီရန်မှာ အလေးစားရဆုံးနဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ သူယုံကြည်ကြောင်း ပြောပါတယ်။

ဒါပေမဲ့ အဲဒီလူဟာ အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင်သစ် မိုဂျတာဘာခါမေနီ မဟုတ်ဘူးလို့ သူက ဆိုပြီး ခါမေနီ အသက်ရှင်လျက် ရှိ၊ မရှိ သူ မသိဘူးလို့လည်း ထရန့်က ထည့်ပြောပါတယ်။
နောက်ထပ်ပေါ်လာမယ့် အီရန်ဘာသာရေးခေါင်းဆောင်နဲ့ပေါင်းပြီး ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်နိုင်လိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

“တနင်္လာနေ့မှာ အီရန်နဲ့ ဖုန်းကတစ်ဆင့် ထပ်မံဆွေးနွေးမှာဖြစ်သလို မကြာခင်မှာလည်း လူချင်း တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိနေပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အီရန်ကို တိုက်ခိုက်မယ့်အစီအစဉ် ကို ၅ ရက်တာ ကာလ ရွှေ့ဆိုင်းပေးထားမှာဖြစ်ပြီး အဆင်မပြေရင်တော့ ဆက်ပြီး ဗုံးကြဲသွားမယ်” လို့ သူက ဆိုပါတယ်။

အီရန်အစိုးရပိုင် မီဒီယာတွေက နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး အမေရိ ကန်နဲ့ ဘာဆွေးနွေးမှုမှ မရှိဘူးလို့ ငြင်းဆိုလိုက်ပြီး ဒေါ်နယ်ထရမ့်ရဲ့ ပြောဆိုချက်တွေဟာ ကမ္ဘာ့စွမ်းအင် ဈေးနှုန်းတွေကို ကျဆင်းအောင်လုပ်ဖို့နဲ့ စစ်ရေးအရ စီစဉ်ဖို့အတွက် အချိန်ဆွဲတာသာဖြစ်တယ်လို့ ပြန် တုံ့ပြန်ခဲ့ပါတယ်။

အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက်ဘာဂါဂါလီဘတ်က အခုဆွေးနွေးပွဲသတင်းတွေကို တနင်္လာနေ့ မှာ လူမှုကွန်ရက်ကနေတစ်ဆင့် ငြင်းဆိုလိုက်ပါတယ်။

ဒီလိုသတင်းမှားတွေဟာ ငွေကြေးဈေးကွက်နဲ့ ရေနံဈေးကွက်ကို ကစားဖို့အတွက် လုပ်ကြံတာ သာဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဂါလီဘတ်ဟာ အီရန်ရဲ့ ရှေးရိုးစွဲ အမာခံခေါင်းဆောင်တစ်ဦးအဖြစ် လူ သိများသူပါ။

အမေရိကန်သတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Axios ကတော့ အစ္စရေးအရာရှိတစ်ဦးရဲ့ ပြောကြား ချက်ကို ကိုးကားပြီး ဖော်ပြရာမှာ ဒေါ်နယ်ထရမ့်ရဲ့အထူးကိုယ်စားလှယ် ဝစ်ကော့ဖ်နဲ့ သားမက်ဖြစ်သူ ကူးရှ်နာတို့ဟာ ဂါလီဘတ်နဲ့ “အဆက်အသွယ် ရှိနေကြတယ်” လို့ ဆိုပါတယ်။

ကြားဝင်စေ့စပ်ပေးနေတဲ့ နိုင်ငံတွေဟာ ဒီအပတ်နှောင်းပိုင်းမှာ ပါကစ္စတန်နိုင်ငံမှာ တွေ့ဆုံပွဲဖြစ် မြောက်ဖို့ စီစဉ်နေကြပြီး အစ္စရေးဘက်ကလည်း ဒီအခြေအနေတွေကို သိရှိထားတယ်လို့ အဲဒီအရာရှိက ပြောပါတယ်။

ကိုးကား – NHK
Ref; Trump claims US negotiating with Iran, Tehran denies any talks