ဧရာဝတီတိုင်းမ်
မတ် ၂၄ ရက်

 

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် ၃ လအတွင်း စစ်ကော်မရှင်တပ်(စစ်တပ်)၏ စစ်မှုထမ်း ဥပဒေဖြင့် တပ်သားသစ်စုဆောင်းခံထားရသူ၄၁ ဦးမှာ လက်နက်နှင့်အတူကရင်အမျိုးသား အစည်းအရုံး (KNU) ထံ အလင်းဝင်ရောက် လာကြောင်း သိရသည်။၊

 

ထိုသို့ အလင်းဝင်ရောက်လာသည့် တပ်သား ၄၁ ဦးကို စစ်သုံ့ပန်းမူဝါဒများနှင့်အညီ ကောင်းမွန်စွာ စောင့် ရှောက်ထားကြောင်း KNU က ထုတ်ပြန်ထားသည်။ ထို့အပြင် ကျောက်ကြီးရှိ စစ်ကော်မရှင် တပ်စခန်း နှစ်ခုကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ လက်နက်ခဲယမ်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်သည် ယခုအချိန်အထိ ၃ လတာအတွင်း ကျောက်ကြီးမြို့နယ်အတွင်းသို့ လေကြောင်း တိုက်ခိုက်ခြင်း၊ မြေပြင်စစ်‌ကြောင်းထိုး တိုက်ခိုက်ခြင်းများလည်း ပြုလုပ်ခဲ့သည့်အတွက် အရပ်သား ၃၈ ဦး သေဆုံးကာ ၃၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

စစ်တပ်၏ အကြမ်းဖက်မှုများကြောင့် ကျေးရွာပေါင်း ၁၃ ရွာမှ အိမ်ခြေ ၁၂၂၇ လုံး ပျက်စီးခဲ့ရပြီး လက် ရှိတွင် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဒေသခံ ၅၈၇၀ ဦးခန့်အတွက် KNU က ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

KNU အနေဖြင့် စစ်ကော်မရှင်တပ်၏ လူမဆန်သည့် လုပ်ရပ်များအပေါ် ဆုံးခန်းတိုင်အောင် ဆန့်ကျင် သွားမည်ဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့်လည်း KNU နှင့်အတူ နည်းလမ်းပေါင်းစုံဖြင့် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားသည်။

 

ဓာတ်ပုံ – KNU