ဧရာဝတီတိုင်းမ်
မတ် ၂၄ ရက်

ကိုလံဘီယာနိုင်ငံတောင်ပိုင်း အမေဇုန်တောနက်ထဲမှာ တနင်္လာနေ့က လူပေါင်း ၁၂၅ ဦး တင် ဆောင်လာတဲ့ စစ်လေယာဉ်တစ်စင်း ပျံတက်ပြီးချင်း ပျက်ကျသွားခဲ့လို့ အနည်းဆုံး လူ ၃၄ ဦး သေဆုံးသွား ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အနီးနားက ပေါ်တိုလီဂူဇာမိုမြို့ရဲ့ မြို့တော်ဝန် လူးဝစ်အယ်မီလီယို ဘတ် စတော့စ်က “စိတ်မကောင်းစရာပါပဲ၊ အခုသိရသလောက်တော့ သေဆုံးသူ ၃၄ ဦး ရှိသွားပြီဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ပူတူမာယိုပြည်နယ် အုပ်ချုပ်ရေးမှူး ဂျွန်ဂါဘရီရယ်လ်မိုလီနာက ဒေသတွင်း သတင်းဌာနတစ်ခု ဖြစ်တဲ့ Caracol Noticias နဲ့ အင်တာဗျူးမှာ “အခုဖြစ်စဉ်မှာ လူ ၃၄ ဦး သေဆုံးခဲ့ပြီး၊ အဲဒီထဲက ၂၁ ဦးက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ဒီလေယာဉ်ပျက်ကျမှုဟာ ပီရူးနိုင်ငံနဲ့ နယ်စပ်မှာရှိတဲ့ ပေါ်တိုလီဂူဇာမိုမြို့ကနေ Lockheed Martin ကုမ္ပဏီထုတ် Hercules C-130 အမျိုးအစား စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ် ပျံတက်စဉ်မှာ ဖြစ်ပွားခဲ့တာလို့ ကာကွယ်ရေးဝန်ကြီး ပတ်ဒရိုဆန်းချက်ဇ်က X လူမှုကွန်ရက်စာမျက်နှာမှာ အစောပိုင်းက ပြောကြားခဲ့ပါတယ်။

လေယာဉ်ဟာ ပျံတက်တဲ့နေရာနဲ့ တစ်မိုင်အကွာမှာတင် မြေပြင်ကို ပျက်ကျသွားခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်မှာ မီးလောင်မှုဖြစ်ပွားရာကနေ တင်ဆောင်လာတဲ့ ခဲယမ်းမီးကျောက်တွေပါ ပေါက်ကွဲခဲ့ တယ်လို့ သူက နောက်ပိုင်းမှာ ထပ်မံပြောကြားခဲ့ပါတယ်။

အခုဖြစ်စဉ်ဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တိုက်ခိုက်ခံရမှုကြောင့် ဖြစ်တယ်ဆိုတဲ့ အရိပ် အယောင်မျိုး မတွေ့ရကြောင်းနဲ့ လေယာဉ်ဟာ မပျံတက်ခင်ကတည်းက စက်ပိုင်းဆိုင်ရာ ကောင်းမွန်သ လို လေယာဉ်အဖွဲ့သားတွေဟာလည်း အရည်အချင်းပြည့်ဝသူတွေ ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

ကိုးကား – Reuters
Ref; 34 killed, dozens hurt as Colombian military plane crashes after takeoff