‎ဧရာဝတီတိုင်းမ်
‎မတ် ၂၄ ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ အမှတ် (၃၄၄) အမြောက်တပ်ရင်းအနီးတွင် အာရက္ခတပ်တော် (AA) ၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကော်မရှင်တပ်တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။

 

မတ်လ ဒုတိယပတ်မှစတင်၍ ရေကြည်၊ အင်္ဂပူနှင့် လေးမျက်နှာမြို့နယ်တို့တွင် ရက်ပိုင်းသာခြား၍ နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားနေပြီး အမြောက်တပ်အနီးတွင် တိုက်ပွဲပိုမို ပြင်းထန်လာခြင်း ဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

“စောပြာတို့ ဆင်ကနီခုံတို့ဘက်မှာလည်း တိုက်ပွဲကခပ်စိတ်စိတ်ရှိတယ်။ အဆက်အသွယ်တွေ ခက်ခဲ သလို စစ်ရေးသတင်းက အပြင်မထွက်တာပေါ့နော်။ စစ်တပ်ဘက်ကတော့ အတော်လေးအထိ နာနေတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် အမှတ် (၃၄၄) အမြောက်တပ်အတွင်းရှိ စစ်ကော်မရှင်တပ်များသည် သီတာကုန်းပြင်၊ စက်စက်ယိုနှင့် နဂါးရစ်တောင်ကြောတစ်ဝိုက်သို့ စစ်ကြောင်းထိုးကာ တိုက်စစ်ဆင်နေသော်လည်း AA နှင့် တော်လှန် ရေးတပ်ဖွဲ့များက အမြောက်တပ်ပတ်ဝန်းကျင်ကို ဝိုင်းရံပိတ်ဆို့ထားသည့်အတွက် အပြန်အလှန် ထိတွေ့တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲများအတွင်း တော်လှန်ရေးတပ်ဖွဲ့များ၏ ခြေကုတ်နေရာအချို့ လက်လွှတ်ရမှုများ ရှိသကဲ့သို့ နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိနေပြီး စစ်ကော်မရှင်ဘက်မှ အထိနာလျက်ရှိကြောင်း သိရသည်။

 

ထို့ပြင် လေးမျက်နှာမြို့နယ်ရှိ ချင်းလယ်ရွာတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး ပုသိမ်-မုံရွာ လမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် နှစ်ဖက်တပ်များအကြား စစ်ရေးအရှိန် မြှင့်တင်နေကြကြောင်း သိရသည်။

ပုံစာ-အာရက္ခတပ်ဖွဲ့ဝင်များ(ပုံဟောင်း)