‎ဧရာဝတီတိုင်းမ်
‎မတ် ၂၃ ရက်

‎ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းနှင့်မင်းပြင်ဘက်မှ စစ်ကော်မရှင်က စစ်ကြောင်းထိုးလာ၍ AAနှင့်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း သိရသည်။


‎မင်းပြင်တွင် ခြေကုတ်ယူထားသည့်စစ်ကော်မရှင်က ဝါးနက်ချွိန်ကျေးရွာဘက်ကို ပင်လယ်ပြင်မှ သဘ်ောများ၏ လက်နက်ကြီးပစ်ကူယူပြီး စစ်ကြောင်းထိုးတက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။


‎”မင်းပြင်နဲ့ ဝါးနက်ချွိန်ကြားမှာ တိုက်ပွဲဖြစ်တယ်။ ဒရုန်းပစ်တယ်။ ရေယာဉ်တွေကလည်းပစ်တယ်။ စစ်ကြောင်းတွေခွဲထွက်တော့ တိုက်ပွဲနေရာကျယ်နေတာပေါ့” ဟု ကျောက်ဖြူသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။


‎သိုင်းချောင်းဘက်မှလည်း စစ်ကြောင်းများထွက်လာနေပြီး ထိတွေ့တိုက်ပွဲများရှိနေကာ စစ်ကော်မရှင်က ဒရုန်းများဖြင့်ပါ အပြင်းအထန်တိုက်ခိုက်နေသည်။


‎ယနေ့ မတ် ၂၄ရက် နေ့လယ် ၁၂အချိန်ဝန်းကျင်ခန့်က စစ်ကော်မရှင်၏ ရေတပ်မှနေ၍ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ရှိ ဈေးကို ဒရုန်းဖြင့် လေးကြိမ်ခန့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။


‎အင်အားထပ်ပို့ထားသည့် အရှိန်ဖြင့် စစ်ကော်မရှင်က စစ်ကြောင်းများခွဲ၍ ထိုးစစ်အရှိန်မြှင့်လာပြီး ပင်လယ်ပြင်တွင် လှည့်ပတ်နေသည့် စစ်သဘ်ောများမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိသည်။


‎ထိုသို့ စစ်ကြောင်းများခွဲ၍ထွက်လာသော်လည်း အများစုမှာ AA၏တိုက်ခိုက်မှုကြောင့် အင်အားလျော့ပါး တပ်ဆုတ်ပြေးနေရမှုများနေကြောင်း သိရသည်။