ဧရာဝတီတိုင်းမ်
မတ် ၂၃ ရက်
လူပေါင်း ၃,၈၀၀ ကျော် သေဆုံးခဲ့ရသည့် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှု တစ်နှစ်ပြည့်ရန် ရက်ပိုင်းအလို ယနေ့ မတ် ၂၃ ရက်က နေပြည်တော်တွင် အင်အားအနည်းငယ်မှ အသင့်အတင့်ရှိသော နောက်ဆက်တွဲ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သိရသည်။
စစ်ကော်မရှင်လက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ယနေ့ လှုပ်ခတ်သွားသည့် ငလျင်သည် နေပြည်တော်၊ ပျဉ်းမနားမြို့၏ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာ၊ အနက် ၁၂ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၂ အဆင့်ရှိကြောင်း သိရသည်။
“ငလျင်လှုပ်တာကို ရုတ်တရက် သိသိသာသာ ခံစားလိုက်ရတော့ အရင်နှစ်က ဖြစ်ရပ်ဆိုးကို ပြန်သတိရပြီး တကယ့်ကို ကြောက်ရွံ့တုန်လှုပ်သွားရပါတယ်” ဟု နေပြည်တော်တွင် နေထိုင်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က မန္တလေးနှင့် စစ်ကိုင်းကို ဗဟိုပြု၍ အင်အားပြင်းထန်သော ငလျင်ကြီး နှစ်ကြိမ် လှုပ်ခတ်ခဲ့မှုကြောင့် လူဦးရေ ၃,၈၀၀ ကျော် သေဆုံးခဲ့ရသည့်အပြင် အခြေခံ အဆောက် အအုံများစွာ ထိခိုက်ပျက်စီးခဲ့ရသည်။
လက်ရှိတွင် အဆိုပါ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားရသည့် ဝန်ထမ်းအိမ်ရာများနှင့် ရုံးအဆောက် အအုံများကို ပြန်လည်ပြုပြင်နေဆဲဖြစ်ကြောင်း သိရသည်။
ယနေ့ လှုပ်ခတ်ခဲ့သည့် ငလျင်သည် စစ်ကိုင်းငလျင်ကြီးနောက်ပိုင်း နောက်ဆက်တွဲ မြေငလျင်သတင်း အမှတ်စဉ် ၂၉၀ အဖြစ် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – မိုး/ဇလ