ဧရာဝတီတိုင်းမ်
မတ် ၂၃ ရက်
ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေးနှုန်းများ ကျဆင်းလာမှုနှင့်အတူ ပြည်တွင်းရွှေဈေးနှုန်းသည်လည်း ကျဆင်းလာပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်းတစ်ရာအောက်သို့ ပြန်လည်ရောက်ရှိ လာကြောင်း ယနေ့ ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
ယနေ့ မတ်လ ၂၃ ရက် နံနက်ပိုင်းက ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၄,၄၆၉ ဒေါ်လာဖြင့် စတင်ဖွင့်လှစ်ခဲ့သော်လည်း ညနေပိုင်းတွင် တစ်အောင်စလျှင် ၄,၂၇၀ ဒေါ်လာအထိ ဆက်လက်ကျဆင်းနေကြောင်း သိရသည်။
ယခုလအစပိုင်းက ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ဒေါ်လာ ၅,၂၀၀ အထိ မြင့်တက်ခဲ့စဉ်က ပြည်တွင်းရွှေဈေးသည် တစ်ကျပ်သားလျှင် ၁၀,၇၂၀,၀၀၀ ကျပ်အထိ စံချိန်တင်ခဲ့သည်။

ယနေ့ ညနေပိုင်း ပြည်တွင်းပြင်ပဈေးကွက်ပေါက်ဈေးအရ အကယ်ဒမီအခေါက်ရွှေ (စနစ်ဟောင်း) တစ်ကျပ်သားလျှင် ရောင်းဈေး ၉,၉၅၀,၀၀၀ ကျပ် နှင့် ဝယ်ဈေး ၉,၉၈၀,၀၀၀ ကျပ် ရှိနေပြီး သိန်း ၁၀၀ အောက်သို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။
“ကမ္ဘာ့ရွှေဈေး အကျကြမ်းလာပေမယ့် ပြည်တွင်းရွှေဈေးနှုန်းက ထင်သလောက်မကျသေးဘူး။ ဒီထက်ကျဖို့ လိုသေးတယ်။ ရင်ရွှေဈေးတန်းကို ပြန်ရောက်မှ တကယ်ကျတယ်လို့ ပြောလို့ရမယ်” ဟု စတော့အိတ်ချိန်း ရောင်းဝယ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရွှေဈေးနှုန်းသည် စစ်မက်ဖြစ်ပွားချိန်တွင်လုံခြုံသည့်ရင်းနှီးမြှုပ်နှံမှုအဖြစ်ဈေးတက်လေ့ရှိသော်လည်း အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းဆက်ထိန်းထားသဖြင့် ဒေါ်လာငွေ မာလာခြင်း၊ ရင်းနှီးမြှုပ်နှံ သူများက အမြတ်ယူပြီးရွှေထုတ်ရောင်းခြင်းတို့ကြောင့် ကမ္ဘာ့ရွှေဈေးကျလာခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်သုံးသပ်သည်။
လက်ရှိကမ္ဘာ့ရွှေဈေးပြုတ်ကျပြီးနောက် ဒေါ်လာဈေးအနည်းငယ်မာလာပြီး ကျန်ရှိနေသည့် ထိုင်းဘတ် ဈေး၊ တရုတ်ယွမ်ဈေးနှင့် အခြားနိုင်ငံခြားငွေ ဈေးနှုန်းများမြင့်လာကြောင်းသိရသည်။
စစ်ကော်မရှင်သည် ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့် ( သိန်းသန်းစိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးသူဝင်း ( အကယ်ဒမီရွှေဆိုင်) နှင့် အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်) တို့ကို ထောင်ဒဏ်သုံးနှစ်စီချမှတ်လိုက်သည့် ဖြစ်စဉ်များ ကြောင့်လည်း ဈေး ကွက်အတွင်း အရောင်းအဝယ်များ အေးစက်လျက်ရှိနေကြောင်း သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်