နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၂၃ ရက်
ပြည်တွင်းတွင် စက်သုံးဆီနှင့် လေယာဉ်ဆီများကို ကန့်သတ်ထားပြီး ဗုံးကြဲတိုက်ခိုက်ရာ၌ အရှိန်ဟုန်မြှင့် လုပ်နေကြောင်း လေတပ် CDM အသိုင်းအဝိုင်းထံမှ သိရသည်။
စစ်ကော်မရှင်သည် အရှေ့အလယ်ပိုင်း ပဋိပက္ခများကို အကြောင်းပြ၍ ဆီရောင်းဝယ် သုံးစွဲမှုကို ကန့်သတ်ထိန်းချုပ်လိုက်သဖြင့် ပြည်တွင်းဆီ ရှားပါးခက်ခဲမှုများ ကြုံတွေ့နေရသော်လည်း ၎င်းတို့လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများမှာမူ လျော့ကျသွားခြင်းမရှိကြောင်း သိရသည်။
ထိုသို့ဗုံးကြဲ တိုက်ခိုက်နိုင်ရန် ယခင်ကတည်းက အရန်ဆီများ စုဆောင်းဖြည့်တင်းထားမှုနှင့် လက်အောက်ခံ ထုတ်လုပ်မှုများ အနည်းငယ်ရှိခြင်းအပြင် အရပ်ဖက်သုံး ဝယ်ယူထားမှုတို့ကို အာဏာသိမ်း စစ်ကော်မရှင် တစ်ဖတ်လှည့် သုံးစွဲနေကြောင်း လေတပ် CDM အရာရှိများက ဆိုသည်။
“လေယာဉ်ဆီက စစ်တပ်အတွက် အရန်ရှိတယ်။ ပုံမှန်အားဖြင့်တော့ မန်းသံပုရာကန်ဆိုတာ ရှိတယ်။ အဲဒီကနေ တချို့လေယာဉ်တွေ သုံးလို့ရတဲ့ဆီတွေ ထွက်တယ်။ ပြီးတော့ လေကြောင်းဗုံးကြဲမှုအတွက် သီးသန့် Plan (အစီအစဉ်) ထားတယ်” ဟု CDM အရာရှိတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် စစ်ဆင်ရေးဆီ၊ လေ့ကျင့်ရေးဆီဟူ၍ လေယာဉ်အမျိုးအစားအလိုက် ခွဲတမ်းများ သတ်မှတ်ထားသလို အရှေ့အလယ်ပိုင်း ပဋိပက္ခမဖြစ်ခင် လေယာဉ်ဆီနှင့် ပတ်သက်၍ ပြောဆိုထားမှုများအနက်မှ ရုရှားထံမှ ပြန်လည်ဝယ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။
အရှေ့အလယ်ပိုင်း ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသည့် ရုရှားနိုင်ငံသည် ၎င်းတို့နှင့် ဆက်ဆံနေသော မြန်မာနိုင်ငံကို စက်သုံးဆီများ ရောင်းချသွားရန် သဘောတူထားပြီး ယင်းအတွက် စစ်ခေါင်းဆောင်ကလည်း ဝယ်ယူသိုလှောင်ဖြန့်ဖြူးရေး ဦးဆောင်ကော်မတီ ဖွဲ့ထားကြောင်း သိရသည်။
“အခုလက်ရှိ ရုရှားနဲ့လည်း ချိတ်ဆက်နေပြီဆိုတော့ သူတို့အတွက်က ဆီပြတ်တောက်သွားမယ့် အလားအလာမရှိဘူး။ အဲတော့ ဗုံးကြဲတိုက်ခိုက်မှုတွေကလည်း ရှေ့ဆက်လျော့ကျသွားစရာ မရှိနိုင်ဘူး” ဟု လေတပ် CDM တပ်ကြပ်ကြီး ဇေယျက ဧရာဝတီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် ခုခံတော်လှန်မှုများ အားကောင်းသော စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ရခိုင်၊ ကချင်၊ချင်း၊ မန္တလေး စသည့်ဒေသများနှင့် ပြည်သူများကို ပစ်မှတ်ထား၍ စစ်ကော်မရှင်က လေကြောင်းဗုံးကြဲ တိုက်ခိုက်နေသဖြင့် လူအစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှု မြှင့်တက်လျက်ရှိသည်။
စစ်ကော်မရှင်သည် တိုက်လေယာဉ်အုပ်စု တစ်ခုတည်းအတွက် သုံးလအတွင်း လေယာဉ်ဆီ ဂါလံ နှစ် သန်းနီးပါး အသုံးပြုခဲ့ပြီး ထိုကုန်ကျငွေပမာဏမှာ အမေရိကန်ဒေါ်လာ လေး သန်းကျော်ရှိကြောင်း သွေးစွန်းငွေလှုပ်ရှားမှုအဖွဲ့၏ အစီရင်ခံစာ ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ ပြည်တွင်းစက်သုံးဆီနှင့် လေယာဉ်ဆီများ ဝယ်ယူရန် ရှားပါးခက်ခဲနေချိန် စစ်ဆင်ရေးအတွက် ဆီများအားလုံး ထိန်းချုပ်ထားသော စစ်ခေါင်းဆောင်က တပ်ချုပ်ရာထူးဖြင့် နောက်ဆုံးနှုတ်ဆက်မည့် မတ် ၂၇ ရက်၌ စစ်ဘက်သုံး ယာဉ်များအား ထုတ်ပြရန်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-MOI