ဧရာဝတီတိုင်းမ်
မတ် ၂၃ ရက်

 

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ သောင်ကြီးကျေးရွာကို စစ်ကော်မရှင်က ဂျက်ဖိုက်တာဖြင့် ဗုံးပတ်ကြဲ ခဲ့သည့် အတွက် ဒေသခံများ အစုလိုက် သေဆုံးခဲ့ကြောင်း သိရသည်။

 

တံတားဦးလေတပ်စခန်းမှ တက်လာသည့် ဂျက်ဖိုက်တာသည် ယနေ့ မတ်လ ၂၃ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် သောင်ကြီးရွာကို ဗုံး ၄ ကြိမ်ခန့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက် မှုကြောင့် ဒေသခံ ၅ ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂၀ ကျော် မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။

“ကျား၊ မ ခွဲမရတာ လေး လောင်း၊ အမျိုးသားက တစ် လောင်း၊ နောက်ထပ်ကောက်မရသေးတာက ၂ လောင်းလောက် ကျန်ဦးမယ်။ အိမ်က ၂၀ လောက် မီးလောင်ကုန်တယ်။ နွားက ၆ ကောင်မီးလောင်တယ် အိမ်အောက်မှာ ပိနေတတဲ့ နွားတွေရှိသေးတယ်”ဟု CDSOM တပ်ဖွဲ့ခေါင်းဆောင် ကိုနွေဦး‌(မြောင်)က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသည့် ရုပ်အလောင်းအချို့မှာ နေအိမ်များ နှင့်အတူ မီးလောင်ကျွမ်းသွားသည့်အတွက် ကျား၊ မ ခွဲခြားရန်ပင် ခက်ခဲနေကြောင်း သိရသည်။ ထို့ပြင် ဒေသခံများပိုင်ဆိုင်သည့် နွား ၁၀ ကောင်ဝန်းကျင်မှာလည်း ဗုံးထိမှန်ခြင်းနှင့် မီးလောင်ကျွမ်းခြင်း တို့ကြောင့် သေဆုံးခဲ့ရသည်။

 

ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့ကလည်း မြောင်မြို့နယ်ရှိ နဘတ်ကျေးရွာကို စစ်ကော်မရှင်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မွေးကင်းစကလေးငယ် တစ်ဦးအပါအဝင် သက်ကြီးရွယ်အို နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ-ကိုနွေဦး(မြောင်)