ဧရာဝတီတိုင်းမ်
မတ် ၂၃ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို အပြည့်အဝ ပြန်ဖွင့်ဖို့ အီရန်ကို သူပေးထားတဲ့ နောက်ဆုံးရာဇသံရဲ့ ရလဒ်ဟာ အင်မတန်ကောင်းမွန်လိမ့်မယ်လို့ တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
အကယ်၍ အီရန်ဘက်ကသာ လိုက်နာခြင်းမရှိဘူးဆိုရင် အဲဒီနိုင်ငံဟာ လုံးဝဥဿုံ ပျက်သုဉ်းသွား တဲ့အထိ ဖြစ်သွားလိမ့်မယ်လို့လည်း သူက ကြိုတင်ဟောကိန်းထုတ်ခဲ့ပါတယ်။
“မကြာခင်မှာ ခင်ဗျားတို့ သိရပါလိမ့်မယ်။ အခြေအနေက တော်တော်လေး ကောင်းမွန်လာမှာပါ” လို့ အစ္စရေးရဲ့ Channel 13 ရုပ်သံလိုင်းကို ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။
အီရန်အနေနဲ့ ၄၈ နာရီအတွင်း ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပေးဘူးဆိုရင် အီရန်ရဲ့ ဓာတ် အားပေးစက်ရုံတွေကို အကြီးဆုံးစက်ရုံတွေကနေစပြီး တိုက်ခိုက်ချေမှုန်းပစ်မယ်လို့ စနေနေ့ကတည်းက သူက သတိပေးခဲ့တာပါ။
ဟော်မုဇ်ရေလက်ကြားပြန်ဖွင့်ဖို့ ကိစ္စမှာ ပါဝင်ကူညီဖို့ ငြင်းဆန်နေကြတဲ့ နေတိုးမဟာမိတ်နိုင်ငံ တွေကိုလည်း ထရန့်က ဝေဖန်လိုက်ပါတယ်။
နေတိုးအဖွဲ့ဟာ ဘာမှမလုပ်ဘဲ ငြိမ်နေကြတယ်လို့ သူက ဆိုပြီး အဲဒီနိုင်ငံတွေကို သူရဲဘော ကြောင်သူတွေနဲ့ စက္ကူကျားတွေလို့လည်း ပြင်းပြင်းထန်ထန် သတ်မတ်လိုက်ပါတယ်။
နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရုတေးက ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေး ကိစ္စမှာ ပါဝင်ကူညီဖို့ မဟာမိတ်နိုင်ငံတွေရဲ့ ဝန်လေးနေမှုကို နားလည်ပေးဖို့ ဒေါ်နယ်ထရမ့်ကို မေတ္တာရပ် ခံထားပါတယ်။
အီရန်က ဒေါ်နယ်ထရမ့်ရဲ့ နောက်ဆုံးရာဇသံကို တနင်္ဂနွေနေ့မှာပဲ ပြန်လည်တုံ့ပြန်ခဲ့ပြီး အကယ်၍သာ ဓာတ်အားပေးစက်ရုံတွေ တိုက်ခိုက်ခံရမယ်ဆိုရင် ဒေသတွင်းမှာရှိတဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စွမ်းအင်ကဏ္ဍ၊ သတင်းအချက်အလက်နည်းပညာနဲ့ ရေငန်တားအခြေခံအဆောက်အအုံ အားလုံးကို ပြန် လည်တိုက်ခိုက်သွားမယ်လို့ သတိပေးလိုက်ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီက အီရန်က ရေလက်ကြားကို ပိတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုလိုက်ပါတယ်။
သင်္ဘောတွေ ဖြတ်သန်းဖို့ ဝန်လေးနေကြတာဟာ အီရန်က လမ်းပိတ်ထားလို့မဟုတ်ဘဲ အမေရိကန်နဲ့ အစ္စရေးတို့ စတင်ခဲ့တဲ့စစ်ပွဲကြောင့် အာမခံကုမ္ပဏီတွေက စိုးရိမ်နေကြလို့သာဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဟော်မုဇ်ရေလက်ကြားကနေ တစ်နေ့ကို ရေနံစည်ပေါင်း သန်း ၂၀ လောက် ဖြတ်သန်းသယ်ယူနေတာဖြစ်ပြီး အခုလိုအသွားအလာတွေ ပြတ်တောက်သွားတာကြောင့် သင်္ဘောတင်ခတွေ မြင့်တက်လာသလို ကမ္ဘာ့ရေနံဈေးနှုန်းတွေကိုလည်း မြင့်တက်လာပါတယ်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကစတင်ခဲ့တဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်ခိုက်မှုတွေ ကြောင့် အနည်းဆုံး လူပေါင်း ၁,၃၀၀ ခန့် သေဆုံးခဲ့ပြီး သေဆုံးသူတွေထဲမှာ အီရန်ရဲ့ ထိပ်သီးခေါင်းဆောင် ဟောင်း အယာတိုလာ အလီခါမေနီလည်း ပါဝင်ပါတယ်။
ကိုးကား – Anadolu
Ref; Trump says result of Hormuz ultimatum will be ‘very good,’ predicts ‘total decimation of Iran’