ဧရာဝတီတိုင်းမ်
မတ် ၂၃ ရက်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စျေးဝယ်စင်တာတစ်ခု၏ အမျိုးသမီးအိမ်သာအတွင်း မွေးကင်းစကလေးငယ်အလောင်းကို ပလတ်စတစ်အိတ်အမည်းဖြင့်ထုပ်ကာ စွန့်ပစ်ခဲ့သည့် ဖိလစ်ပိုင်အမျိုးသမီးတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အသက် ၂၅ နှစ်အရွယ်ရှိ အဆိုပါ ဖိလစ်ပိုင်အမျိုးသမီးတစ်ဦးသည် ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့က သေဆုံးနေသည့် မွေးကင်းစကလေးငယ်အလောင်းကို စျေးဝယ်စင်တာအတွင်း လာရောက်စွန့်ပစ်ခဲ့ရာ စျေးဝယ်စင်တာမှ သန့်ရှင်းရေးဝန်ထမ်းများက စတင်တွေ့ရှိခဲ့ပြီး တာဝန်ရှိသူများထံ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့နှင့် ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများ၏ ကနဦးစစ်ဆေးချက်အရ သေဆုံးသူမှာ မွေးကင်းစ ယောက်ျားလေးဖြစ်ပြီး ခန္ဓာကိုယ်ပြင်ပတွင် ဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိရကြောင်း သိရသည်။

CCTV မှတ်တမ်းများအရ နိုင်ငံခြားသူအမျိုးသမီးတစ်ဦးသည် ခရီးဆောင်အိတ်တစ်လုံးနှင့် လက်ဆွဲအိတ်တစ်လုံးကို ကိုင်ဆောင်ကာ အိမ်သာအတွင်းသို့ ဝင်ရောက်သွားသည်ကို တွေ့ရှိခဲ့ရသည်။ ယင်းမှတ်တမ်းအရ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်စစ်ဆေးခဲ့ရာ ၎င်းသည် မကြာခင်ကမှ ကလေးမီးဖွားထားသူဖြစ်ကြောင်း ဆရာဝန်များက အတည်ပြုခဲ့သည်။

လက်ရှိတွင် ကလေးငယ် သေဆုံးရခြင်း အကြောင်းအရင်းကို အသေးစိတ်စစ်ဆေးနေပြီး ရဲတပ်ဖွဲ့က အဆိုပါအမျိုးသမီးကို ထိန်းသိမ်းထားသည်။ ကနဦးတွေ့ရှိချက်များအရ သေဆုံးသူကလေးငယ်မှာ သူမ၏ရင်သွေးဖြစ်ကြောင်း ကောက်ချက်ချနိုင်သော်လည်း တိကျသည့် ဓာတ်ခွဲခန်းရလဒ်များကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖိလစ်ပိုင်အမျိုးသမီးသည် အလောင်းဖျောက်ဖျက်ရန် ကြိုးပမ်းမှု၊ ကလေးငယ်အား စွန့်ပစ်မှု စသည့် စွဲချက်များဖြင့် တရားစွဲဆိုခြင်း ခံထားရပြီး ရဲတပ်ဖွဲ့ကလည်း ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အကူအညီပေးနိုင်မည့် မည်သည့်သတင်းအချက်အလက်ကိုမဆို လာရောက်ပေးပို့နိုင်ကြောင်း အသိပေးထားသည်။

ကိုးကား – Khaosod English