မင်းတပ်မြို့နယ်တွင် CDF-Mindatနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံး

ဧရာဝတီတိုင်းမ်

(မင်းတပ်)၊ စက်တင်ဘာ ၁၁ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး CDF-Mindatနှင့် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်ဘက်က ၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း CDF-Mindat( သတင်းနှင့် ပြန်ကြားရေးဌာန)က‌ သတင်းထုတ်ပြန်သည်။

မင်းတပ်မြို့နှင့် ၁၀ မိုင်ခန့်ကွာဝေးသော မကွေးတိုင်းနှင့် ချင်းပြည်နယ်နယ်စပ်အနီး မယ်လယ်ကုန်းတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး မကွေးတိုင်း၊ ကျောက်ထုမြို့၊ အမြောက်တပ်မှ လက်နက်ကြီးများလည်း ပစ်ကူပေးခဲ့ကြောင်းသိရသည်။

“စစ်ကောင်စီစစ်ကြောင်းနှင့် CDF-Mindatတို့ မင်းတပ်မြို့နယ်၊ မယ်လယ်ကုန်းအနီးတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး ကျောက်ထုမြို့အမြောက်တပ်ကနေ လက်နက်ကြီးတွေ ၄ ကြိမ် ပစ်ကူပေးပြီး စက်တင်ဘာလ ၉ ရက်နေ့ နေ့လည် ၁၁ နာရီ ၃၅ မိနစ်အချိန်ခန့်မှာ မယ်လယ်ကုန်းအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ၃ ဦးသေဆုံးပြီး

အများအပြားဒဏ်ရာရရှိနိုင်ကြောင်း” CDF-Mindat(သတင်းနှင့်ပြန်ကြားရေးဌာန)က သတင်းထုတ်ပြန်ထားသည်။

မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးမှုကြောင့် စစ်ဘေးရှောင်နေကြသော မင်းတပ်ပြည်သူများသည် အရေးပေါ်စစ်ဘေးစစ်ဘေးစခန်းများပြောင်းရွှေ့နေရကြောင်း စစ်ဘေးရှောင်ပြည်သူများ ထံမှသိရသည်။

“စစ်ကောင်စီတပ်တွေက နေရာအနှံ့ကနေ စစ်ကြောင်းထိုးလာတဲ့အတွက် စစ်ဘေးရှောင်စခန်းတစ်ချို့ကို အရေးပေါ်ပြောင်းရွှေ့ထားတယ်ပေါ့နော်၊ ဖုန်းလိုင်းတွေလည်း အကုန်ဖြတ်တောက်ထားတယ်၊ CDF-Mindatနဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားပြီး လက်နက်ကြီးသံတွေလည်း ဆက်တိုက်ကြားနေရတယ်၊ တိုက်ပွဲကြောင့် စစ်ဘေးရှောင်ပြည်သူတွေတော့

ထိခိုက်မှုမရှိပါဘူး”လို့ စစ်ဘေးရှောင်တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောဆိုသည်။

စစ်ကောင်စီတပ်က မင်းတပ်မြို့နယ်တွင် ဖုန်းလိုင်းများဖြတ်တောက်ကာ နေရာဒေသအနှံ့မှ စစ်ကြောင်းထိုးလာပြီး လုံခြုံရေးများတင်းကြပ်ကာ ပြည်သူလူထုများ၏ လက်ကိုင်ဖုန်းများလည်း စစ်ဆေးမှုများပြုလုပ်နေ ကြောင်းဒေသခံများထံမှ သိရသည်။