‎ဧရာဝတီတိုင်းမ်
‎မတ် ၂၃ ရက်

စစ်ကော်မရှင်သည် စက်သုံးဆီ အခက်အခဲဖြေရှင်းရေးအတွက် မူဝါဒအမျိုးမျိုး ထုတ်ပြန်ပြီးနောက် ယခုအခါတွင် တစ်ပတ်လျှင် အများဆုံး ၂ ကြိမ်သာ စက်သုံးဆီ ဝယ်ယူခွင့်ရှိမည်ဖြစ်ကြောင်း ယမန်နေ့ မတ် ၂၂ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။

 

အဆိုပါ ထုတ်ပြန်ချက်အရ စစ်ကော်မရှင်လက်အောက်ရှိ ရုံးများမှ ဝန်ထမ်းများသည် လာမည့် မတ်လ ၂၅ ရက်နေ့မှစတင်ကာ ဗုဒ္ဓဟူးနေ့တိုင်းကို နေအိမ်မှ အလုပ်လုပ်ခြင်း (Work From Home-WFH) စနစ်ဖြင့် ဆောင် ရွက်ရမည် ဖြစ်သည်။

 

နေအိမ်မှ အလုပ်လုပ်ရမည့် ဗုဒ္ဓဟူးနေ့များတွင် အရာထမ်း၊ အမှုထမ်းများအနေဖြင့် တာဝန်မှအပ ခရီးသွားလာခြင်းနှင့် ယာဉ်အသုံးပြုခြင်းမပြုရန် တားမြစ်ထားပြီး၊ ပုဂ္ဂလိကလုပ်ငန်းများကိုလည်း အလားတူ ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း သိရသည်။

လာမည့်ရက်သတ္တပတ်အတွင်း ယာဉ်၏ အင်ဂျင်ပါဝါအပေါ် မူတည်၍ ဆီဝယ်ယူနိုင်မည့် ပမာဏကို သတ်မှတ်မည်ဖြစ်ကာ တစ်ပတ်အတွင်း ၁ ကြိမ် (သို့မဟုတ်) ၂ ကြိမ်သာ ဝယ်ယူနိုင်ရန် Bar Code နှင့် QR Code စနစ်အတွင်း ထည့်သွင်း ကန့်သတ်သွားမည်ဖြစ်သည်။

 

လက်ရှိတွင် စစ်ကော်မရှင်သည် ပုဂ္ဂလိကယာဉ်များကို စုံ/မ နံပါတ် ခွဲခြား၍ တစ်ရက်ခြား အသုံးပြုစေခြင်း၊ QR Code ဖြင့် လီတာကန့်သတ်၍ တစ်ရက်လျှင် တစ်ကြိမ်သာ ဆီဝယ်ယူခွင့် ပြုခြင်းတို့ကို လုပ်ဆောင်နေသည့်အပြင် ယခုအခါ စက်သုံဆီဝယ်ယူခွင့်ကို တစ်ပတ်လျှင် ၂ ကြိမ်အထိ ထပ်မံလျှော့ချ ကန့်သတ်လိုက်ခြင်း ဖြစ်သည်။

အမေရိကန်-အစ္စရေး မဟာမိတ်တပ်များနှင့် အီရန်တို့အကြား တိုက်ပွဲများ သုံးပတ်ကျော် ကြာမြင့် လာမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ရေနံအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ မြန်မာနိုင်ငံတွင်လည်း စက်သုံးဆီ ဝယ်ယူရခက်ခဲမှုများကြောင့် ကုန်စည်စီးဆင်းမှုများ ထိခိုက်လာသည့်အပြင် ပြည်သူများ အနေဖြင့် ကုန်ဈေး နှုန်းများ အဆမတန် မြင့်တက်လာနေမှုကိုလည်း ခံစားနေသည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်