နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၂၂ ရက်
အာဏာသိမ်းပြီးနောက် နိုင်ငံတော်သမ္မတဖြစ်ရန် ကြိုးပမ်းနေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၅ နှစ်ကြာ ဆုပ်ကိုင်ထားသော ကာကွယ်ရေးဦးစီးချုပ်နေရာအတွက် အမည်ခံ သမ္မတမရွေးမီ နှုတ်ဆက်မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး စစ်ကိုင်းငလျင်အောက်မေ့ဖွယ်အခမ်းအနားကို လည်း ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။
စစ်ကော်မရှင်လက်ဝေခံ ကြံ့ခိုင်ရေးပါတီက ကြီးစိုးထားသည့် ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှ ထွက်ပေါ်လာသော “ရွေးတုလွှတ်တော်” မှတစ်ဆင့် အမည်ခံအစိုးရ၏ သမ္မတနှင့် ဒုသမ္မတများကို လာမည့် မတ်လ ၃၀ ရက်တွင် ရွေးချယ်သွားရန် အစုအဖွဲ့အလိုက် အစည်းအဝေးများ ပြုလုပ်မည် ဖြစ်သည်။
ယင်းမတိုင်မီ စစ်ခေါင်းဆောင်သည် ၎င်းတို့အခေါ် တပ်မတော်နေ့ (ဖက်ဆစ်တော်လှန်ရေးနေ့) ဖြစ်သော မတ်လ ၂၇ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရာထူးဖြင့် စစ်ရေးပြအခမ်းအနားကို နောက်ဆုံးအကြိမ် တက်ရောက်ကာ နှုတ်ဆက်မိန့်ခွန်း ပြောကြားမည်ဖြစ်ကြောင်း စစ်ရေးလေ့လာစောင့်ကြည့်သူ CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။
“နဂိုကတည်းက ကြိုပြင်ထားတာပါ။ ဘာလို့လဲဆိုတော့ တပ်မတော်နေ့အထိ (စစ်ခေါင်းဆောင်) မင်းအောင်လှိုင်က မျက်နှာပြမယ်၊ လူလုံးထွက်ပြမယ်။ ပြီးရင် စစ်ကိုင်းငလျင် တစ်နှစ်ပြည့် အောက်မေ့ ဖွယ် ဝမ်းနည်းကြောင်းလုပ်မယ်။ အဲဒီနောက် တစ်ရက်နားမယ်” ဟု ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီ တိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံတွင် လူထိခိုက်သေဆုံးမှု များပြားခဲ့သော အင်အားပြင်း စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုသည် လာမည့် မတ်လ ၂၈ ရက်တွင် တစ်နှစ်ပြည့်ပြီဖြစ်ရာ ပြည်တွင်း/ပြည်ပမှ ရရှိထားသော အလှူငွေနှင့် ပစ္စည်းများကို ၎င်းတို့ကိုယ်ကျိုးစီးပွားနှင့် နိုင်ငံရေးအရ အသုံးချလေ့ရှိသော စစ်ခေါင်းဆောင်က အဆိုပါ အောက်မေ့ဖွယ်အခမ်းအနားကို ပြုလုပ်သွားမည်ဖြစ်သည်။
ထို့နောက် မတ်လ ၃၀ ရက်တွင် ကြံ့ခိုင်ရေးပါတီအမတ်များ ကြီးစိုးထားသော ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ဒုသမ္မတတစ်ဦးစီအပြင်၊ ပြည်သူ့ရွေးကောက်ခံမဟုတ်သည့် တပ်မတော်သား ကိုယ်စားလှယ်များမှ ဒုသမ္မတတစ်ဦး၊ စုစုပေါင်း သုံး ဦးအနက်မှ သမ္မတကို ရွေးမြှောက်သွားမည် ဖြစ်သည်။
လက်ရှိတွင် စစ်ကော်မရှင်၏ ရွေးတုလွှတ်တော်များအတွက် ဥပဒေပြုအကြီးအကဲများကို ကြံ့ခိုင်ရေး ပါတီဥက္ကဋ္ဌ အပါအဝင် စစ်မျိုးစစ်နွယ်များနှင့် စစ်ဗိုလ်ချုပ်ဟောင်းများ၊ ဝန်ကြီးများဖြင့် ရွေးချယ် တင်မြှောက်ထားပြီး စစ်အုပ်စုအာဏာတည်မြဲရန် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း နိုင်ငံရေး အကဲခတ် များက ထောက်ပြသည်။