ဧရာဝတီတိုင်းမ်
မတ် ၂၂ရက်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (ဘက) တစ်ခုမှ ကျောင်းဆရာ တစ်ဦးက KG တန်း ကျောင်းသူငယ် လေးဦးကို မဖွယ်မရာပြုလုပ်ကာ မုဒိမ်းမှုကျူးလွန်ရန် ကြံစည်ခဲ့သည့်ဖြစ်ရပ် ပေါ်ပေါက်ခဲ့သဖြင့် ၎င်းကို ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်ရှိ တေဇာရာမကျောင်းမှ ဘကကျောင်းဆရာ ဦးမောင်ငယ် (ခ) မောင်တင်နု ၅၆ နှစ် သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်က ၎င်း၏ကျောင်း၌ ပညာသင်ယူနေသော အသက် ၈ နှစ်အရွယ် KG ကျောင်းသူငယ်တစ်ဦး၏ မအင်္ဂါစပ်အား လက်ညှိုးဖြင့် ထိုးသွင်းကာ မဖွယ်မရာ ပြုလုပ်ခဲ့သည်။

အဆိုပါဖြစ်ရပ်ကို ကလေးငယ်က မိခင်ဖြစ်သူအား ပြန်လည်ပြောပြခဲ့ရာမှ စတင်ပေါ်ပေါက်လာခြင်းဖြစ် ကြောင်း အာရက္ခမှုခင်းနှင့် သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထပ်မံစုံစမ်းရာတွင် ဦးမောင်ငယ်သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကလည်း အသက် ၆ နှစ်၊ ၇ နှစ်နှင့် ၈ နှစ်အရွယ် KG ကျောင်းသူ သုံးဦးကို အလားတူ မဖွယ်မရာပြုလုပ်ခဲ့သည့် အမှုဟောင်းများပါ ပေါ်ပေါက်လာခဲ့သည်။
ထို့ကြောင့် မိဘများက ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်တွင် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) ၌ အမှုဖွင့်တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဒီလပ် (DLEPS) ဌာနက အမှုအမှတ် (ပ) ၁၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ (မုဒိမ်းမှုကျူးလွန်ရန် အားထုတ်မှု) ဖြင့် အမှုဖွင့်ကာ ဦးမောင်ငယ်ကို မတ်လ ၁၁ ရက်တွင် ဖမ်းဆီးခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် မတ်လ ၁၆ ရက်ကလည်း မောင်တောမြို့နယ်၊ အောင်သုခရွာ၌ အသက် (၃) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ၁၆ နှစ်အရွယ် လူငယ်တစ်ဦးက မုဒိမ်းကျင့်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူး လွန်သူကို ဒီလပ်က တစ်ရက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မိဘပြည်သူများအနေဖြင့်လည်း သက်ငယ်မုဒိမ်းမှုများ မဖြစ်ပွားစေရန်အတွက် ကလေးငယ်များကို ကြိုတင်ကာကွယ်ပေးခြင်း၊ သံသယဖြစ်ဖွယ်တွေ့ရှိပါက အချိန်မီသတင်းပေးပို့ခြင်းနှင့် ကလေးငယ်များ ပွင့်လင်းစွာ ပြောဆိုနိုင်အောင် ပြုစုပျိုးထောင်ပေးကြရန် အာရက္ခမှုခင်းအဖွဲ့က အသိပေးနှိုးဆော်ထား သည်။
ဓာတ်ပုံ- APM