ဧရာဝတီတိုင်းမ်
မတ် ၂၂ ရက်
မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းတွင် မြေပြင်ထိတွေ့တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှ စစ်ရေးအရ ဖိအားပေးထားနိုင်သဖြင့် စစ်ကော်မရှင်တပ်များ အထိနာနေကြောင်း သိရသည်။
မိုးကုတ်မြို့ရှိ ကျောက်နဂါး၊ ကျောက်ပုတ်နှင့် ကုလားကုန်းဒေသများတွင် လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် အပြန်အလှန် ပစ်ခတ်ကာ တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ပြီး မတ်လ ၂၀ ရက်နေ့အထိ တော်လှန်ရေးတပ်ဖွဲ့များဘက်က စစ်ရေးအရ အသာစီးရနေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
“စစ်ကော်မရှင်ဘက်က ဝါဒဖြန့်အလင်းဝင်တယ်ဆိုတဲ့အထဲမှာ မိုးကုတ်က လူတစ်ယောက်စ၊ နှစ်ယောက်စ ပါသွားတာရှိတယ်။ အဲဒီလူတွေဆီကနေ တပ်အပြောင်းအလဲနဲ့ အလေ့အထတွေကို စုံစမ်းသိရှိသွားပြီးနောက်မှာ စစ်ကော်မရှင်က ထိုးစစ်ကို သုံးဆလောက် မြှင့်လာတာတွေ့ရတယ်။ ဒါပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း အရှိန်မြှင့် တန်ပြန်ထိုးစစ်ဆင်နေပါတယ်” ဟု စစ်ရေးသတင်းရင်း မြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကော်မရှင်သည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) နယ်မြေအတွင်းရှိ စဉ့်ကူး၊ မတ္တရာနှင့် သပိတ်ကျင်းဒေသများတွင် လှည့်ဖျားစည်းရုံးမှုများ ပြုလုပ်ရန် ပြင်ဆင်နေသကဲ့သို့၊ မိုးကုတ်မြို့ မြောက်ဘက်ခြမ်းနှင့် ပြောင်ခေါင်းနယ်မြေတို့ကိုလည်း စစ်ဆင်ရေးဧရိယာအဖြစ် သတ်မှတ်ကာ တိုက်စစ်ပြင်ဆင်ထားကြောင်း သိရသည်။
လက်ရှိတွင် စစ်ကော်မရှင်သည် ၎င်းတို့၏ အဓိကတိုက်ခိုက်ရေးတပ်မများဖြစ်သည့် တပ်မ (၅၅) နှင့် တပ်မ (၃၃) တို့ကို ပူးပေါင်းကာ စစ်ကြောင်းများခွဲ၍ မိုးကုတ်မြို့နယ်အတွင်း ထိုးစစ်ဆင်ခိုင်းထားသည်။
တော်လှန်ရေးတပ်ဖွဲ့များဘက်ကလည်း မိုးကုတ်မြို့အနောက်ပိုင်းရှိ ရဲစခန်းနှင့် စစ်တပ်တပ်စွဲထားသော ပြည်သူ့ဆေးရုံတို့ကို ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ထားသဖြင့် စစ်ကော်မရှင်ဘက်မှ ထိခိုက်သေဆုံးမှု များကို စိစစ်လျက်ရှိကြောင်း သိရသည်။
ပုံစာ-ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မိုးကုတ်ဗျူဟာက ရဲဘော်တွေကို တွေ့ရစဉ်။(ပုံဟောင်း)