ဧရာဝတီတိုင်းမ်
မတ် ၂၂ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို အကုန် ဖျက်ဆီးပစ်မယ်လို့ စနေနေ့မှာ ခြိမ်းခြောက်ခဲ့ပြီး အီရန်က ဟော်မုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်း ပြန် မဖွင့်ပေးရင် အကြီးဆုံးစက်ရုံကနေ စပြီး တိုက်ခိုက်မယ်လို့ ဆိုပါတယ်။
“အခုအချိန်ကစပြီး ၄၈ နာရီအတွင်း အီရန်က ဘာခြိမ်းခြောက်မှုမှမရှိဘဲ ဟော်မုဇ်ရေလက်ကြား ကို အပြည့်အဝ ပြန်မဖွင့်ပေးဘူးဆိုရင် အမေရိကန်က သူတို့ရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို အကြီး ဆုံးတစ်ခုကနေ စပြီး တစ်ခုချင်းစီ အကုန်ချေမှုန်းပစ်မယ်” လို့ ဒေါ်နယ်ထရမ့်က သူ့ရဲ့ Truth Social လူမှုကွန်ရက်မှာ ရေးသားခဲ့တာပါ။
ဒေါ်နယ်ထရမ့်ဟာ ဒီခြိမ်းခြောက်မှုကို အမေရိကန်စံတော်ချိန် စနေနေ့ ည ၇ နာရီ ၄၄ မိနစ်မှာ တင်ခဲ့တာဖြစ်လို့ အီရန်အတွက် နောက်ဆုံးသတ်မှတ်ချက်ဟာ လာမယ့် တနင်္လာနေ့ ညပိုင်းအထိပဲ ဖြစ် ပါတယ်။

အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အရတ်ချီကတော့ သူတို့ရဲ့ အခြေခံအဆောက်အအုံတွေ တိုက်ခိုက်ခံရမယ်ဆိုရင် ဘယ်လိုမှ သည်းခံနေမှာမဟုတ်ဘဲ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ သော ကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
သမ္မတဒေါ်နယ်ထရမ့်ဟာ အရင်ကတော့ အီရန်ပြည်သူတွေ နှစ်ရှည်လများ ထိခိုက်နစ်နာမှာစိုးလို့ တီဟီရန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို တိုက်ခိုက်ဖို့ ရှောင်ရှားခဲ့ပေမဲ့ အခုလိုမျိုး စက်ရုံတွေကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်လာတာဟာ အခြေအနေတွေ ပိုပြီး တင်းမာလာတာကို ပြနေပါတယ်။
ဟော်မုဇ်ရေလက်ကြားဟာ မတ်လအစောပိုင်းကတည်းက သွားလာရခက်ခဲနေတာကြောင့် ကမ္ဘာ့ ရေနံဈေးနှုန်းတွေ တက်လာနေပါတယ်။ ဒီရေလက်ကြားဟာ တစ်နေ့ကို ရေနံစည်ပေါင်း သန်း ၂၀ လောက် ဖြတ်သန်းနေရတဲ့ ကမ္ဘာ့အရေးအပါဆုံး လောင်စာဆီလမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက စတင်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုတွေအတွင်း အီရန်ရဲ့ အဓိပ္ပာယ်အရှိဆုံးခေါင်းဆောင် အလီခါမေနီ အပါအဝင် လူပေါင်း ၁,၃၀၀ ခန့် သေဆုံးခဲ့ပါတယ်။
ကိုးကား – Anadolu
Ref; Trump threatens to attack Iran’s power plants if Strait of Hormuz not opened within 48 hours