‎ဧရာဝတီတိုင်းမ်
‎မတ် ၂၂ရက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ မင်းပြင်နှင့် သိုင်းချောင်းကျေးရွာအနီး နေရာအချို့တွင် ခြေကုတ် ယူထားသည့် စစ်ကော်မရှင်တပ်များက နယ်မြေစိုးမိုးမှုရပြီဟု ဝါဒဖြန့်အောင်ပွဲခံနေသော်လည်း အာရက္ခ တပ်တော် (AA) ၏ အမှည့်ခြွေတိုက်ခိုက်မှုကြောင့် နေ့စဉ်အင်အားပြုန်းတီးကာ တပ်ပျက်ထွက်ပြေး နေရ ကြောင်း သိရသည်။

‎ချောင်းမြောင်၊ ပျားချိန်၊ ကြောင်ခို၊ ချောင်းဖျားဘက်တွင် ဟန်ပြအောင်ပွဲခံနေသည့် စစ်ကော်မရှင် တပ်သည် အာရက္ခတပ်တော် (AA) ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်အင်အားများ ဆုံးရှုံးကာ အထိနာလျက်ရှိကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

“ချောင်းမြောင်ဒေသက ရွေးကောက်ပွဲကာလမှာ တိုက်ပွဲစဖြစ်လာတာ။ အဲဒီနေရာအချို့မှာ စစ်တပ် ဘက်က ဟန်လုပ်အောင်ပွဲခံနေတာပေါ့။ သိုင်းချောင်းဘက်မှာ သူတို့အပြည့်အဝ ခြေကုတ်ယူချင်လို့ စစ်ကြောင်းတွေ ထပ်တိုးလွှတ်နေပေမဲ့ အဆင်မပြေဘူး။ အမှည့်ခြွေ တိုက်ခိုက်ခံနေရတာ” ဟု ကျောက်ဖြူစစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၆ ရက်နှင့် ၁၇ ရက်နေ့များက မင်းပြင်နှင့် သိုင်းချောင်းသို့ တက်လာသည့် စစ်ကော်မရှင်စစ်ကြောင်းများမှာ တပ်ပျက်ဆုတ်ပြေးရသည်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး မတ်လ ၂၀ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။

စစ်ကော်မရှင်သည် ကျောက်ဖြူစစ်မျက်နှာတွင် စိတ်ဓာတ်စစ်ဆင်ရေးလုပ်ဆောင်ရန်ဟုဆိုကာ တိုက်ခိုက်ရေးတပ်မ (၁၁) ကို စစ်တွေသို့ ထုတ်နှုတ်ရွှေ့ပြောင်းခဲ့ပြီး ၎င်းတို့နေရာတွင် တောင်ကုတ်မှ တပ်ပျက်ဆုတ်ခွာလာသည့် စကခ-၅ တပ်ဖွဲ့ဝင်များကို အစားထိုးခဲ့သည်။

သို့သော် အဆိုပါ စကခ-၅ တပ်ဖွဲ့ဝင်များသည် ကျောက်ဖြူသို့ ရောက်ရှိလာပြီးနောက် နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံရပြီး အရှုံးနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

စစ်တပ်ထောက်ခံ လော်ဘီများကမူ ချောင်းမြောင်နှင့် ပျားချိန်ရှိ AA ခံစစ်စခန်းများကို ဒရုန်းများဖြင့် တိုက် ခိုက်နေပြီး AA ဘက်မှ သေဆုံးမှုများပြားသည်ဟု သတင်းအမှားများဖြင့် ဝါဒဖြန့်လျက်ရှိသည်။

ပုံစာ-အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များ။