ဧရာဝတီတိုင်းမ်
မတ် ၂၂ ရက်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝိုင်းမော်နှင့် ၁၈ မိုင်အကွာရှိ KIA သိမ်းပိုက်ထားသည့် နာမည်ကျော် ဆဒုံးစခန်းကြီးကို စစ်ကော်မရှင်က ပြန်လည်သိမ်းပိုက်လိုက်သည်ဟု အလွန်အကျွံဝါဒဖြန့်မှုများပြုလုပ်လာ ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ် ၁၄ ရက်မှစ၍ ဆဒုံးစခန်းကို သိမ်း ပိုက်လိုက်ပြီဖြစ်ကြောင်း စစ်ဘက်အရာရှိများမှ လူမှုကွန်ရက်နှင့် စစ်တပ်လော်ဘီချန်နယ်များတွင် ဝါဒဖြန့်လာသည်။
KIAက ပြီးခဲ့သည့် ၂၀၂၅ မတ်လအတွင်း သိမ်းပိုက်ခဲ့သည့် ဆဒုံးစခန်းသည် နယ်စပ်စခန်းနှင့် မဆုတ်တမ်းခံစစ်စခန်းတစ်ခုဖြစ်ပြီး ကန်ပိုက်တီ- ဝိုင်းမော် ကားလမ်းအနီးရှိပြီး ကန်ပိုက်တီနှင့် ၁၃ မိုင် ကွာဝေးကာ အနီးနားတွင် ဆဒုံးရွာ၊ ဆဒုံးပါရွာတို့ တည်ရှိသည်။
အဆိုပါစခန်းကြီးကို စစ်ကော်မရှင်က သိမ်းပိုက်လိုက်သည်ဟု အလွန်အကျွံ ဝါဒဖြန့်လာသည့်အပြင် နန်ဆန်ယန်အနီး လှုပ်ရှားနေသည့် စစ်ကော််မရှင်က နန်ဆန်ယန်ရွာကိုပါ သိမ်းပိုက်ပြီး လိုင်ဇာအထိ ထိုးစစ်ဆင်မည်ဟု ဝါဒဖြန့်ဖော်ပြမှုများပြုလုပ်နေသည်ကို တွေ့ရသည်။
“စစ်လော်ဘီတွေဟာ မျက်နှာပြောင်ရမယ်၊ အာချောင်ရမယ်၊ အရှက်နည်းပြီးလက်ရဲရမယ်။ အပေးအကမ်းနည်းပြီး အတောင်းအရမ်းရဲရမယ်ဆိုတဲ့ မူဝါဒကိုလက်ကိုင်ထားပြီး ဝါဒဖြန့်နေကြတာပါ”ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
နန်ဆန်ယန်ကျေးရွာ ထိန်းချုပ်ခံရသည့်အခြေအနေမှာလည်း အတည်ပြုရန်ခက်ခဲနေဆဲဖြစ်ပြီး KIA ဘက်မှလည်း ယင်းအခြေအနေများကို ထုတ်ပြန်လာရန်ရှိကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
တန်ပြန်တိုက်စစ်ဆင်ရန် ကြိုးစားနေဆဲဖြစ်သည့် ဗန်းမော်နှင့် ဝိုင်းမော်အကြားရှိ အောင်ဂျာ၊ မဒီးယန်၊ ဒိန်ဂါစခန်းများကိုပါ သိမ်းဆည်းပြီးဖြစ်ကြောင်းနှင့် ဒိန်ဂါစခန်းတိုက်ပွဲတွင် KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဘက်မှ အယောက် ၄၀ လက်နက်ချအညံ့ခံသည်ဟု ဝါဒဖြန့်ပြောဆိုမှုများ ရှိလာသည်။
ဓာတ်ပုံ-KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)